စစ်ကိုင်းတိုင်းထဲမှာ မနေ့က ထိတွေ့တိုက်ပွဲ ၃ နေရာဖြစ်ပြီး ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးနေရ

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းခရိုင် ၊မြောင်မြို့နယ်ထဲမှာ မနေ့ နိုဝင်ဘာ ၂၉ ရက် တနေ့ထဲမှာ ထိတွေ့တိုက်ပွဲ ၃ နေရာဖြစ်ပွားပြီး ၊ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရရပါတယ်။

” မနေ့က မနက်ပိုင်း ၉ နာရီလောက်မှာ ဝက်လက်မြို့နယ် ၊ ရေထွက်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ နောက်ပြီး နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာအနောက်ရွာနားမှာလည်း တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီအပြင် မြောင်မြို့နယ် ၊ ကင်းကျေးရွာနားမှာလည်း နယ်မြေရှင်းလင်းရေး ထိတွေ့မှုတွေဖြစ်ခဲ့တယ် ၊ အဲ့ဒီဒေသက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ထောင်နဲ့ချီပြီးရှိတယ်”လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ထိတွေ့တိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “ဝက်လက်မြို့နယ် ၊ ရေထွက်ကျေးရွာနားမှာ နယ်မြေရှင်းလင်းရေးစစ်ကြောင်းအဖွဲ့နဲ့ ထိတွေ့မှု ဖြစ်တာပါ ၊ ရန်သူ့ဘက်က အမျိုးသား ရုပ်အလောင်း ၇ လောင်း ၊အမ်-၂၂ သေနတ် ၅ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည် ၁၀၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရမိတယ် ၊ မြောင်မြို့နယ် ၊ ကင်းကျေးရွာမှာက စစ်ကြောင်းအဖွဲ့က အသေးစိပ်နယ်မြေရှင်းလင်းတဲ့အခါ အခြေခံပညာ အလယ်တန်းကျောင်းထဲမှာ စုဆောင်းထားတဲ့ လက်လုပ်သေနတ်(တို/ရှည်) ၇ လက် ၊ လက်လုပ်ပြောင်းချော သေနတ် ၁၄ လက်၊လက်လုပ်မိုင်း(ကားစလစ်အိုး) ၁ လုံး၊ ကားစလစ်အိုးအခွံ ၅ ခု၊လက်လုပ်စိန်ပြောင်း ၂ လက်၊လက်လုပ်ရှော့တိုက်စိန်ပြောင်း ၆ လက်၊ လက်လုပ်မိုင်းမျိူးစုံနဲ့ လက်လုပ်မိုင်းပြုလုပ်ရာတွင်အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ၊ အဲ့ဒိအပြင် ရွှေဘိုမြို့နယ် ၊ ညောင်ပင်သာ အနောက်ရွာနားမှာ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ် စိန်ပြောင်း ၂ လက်၊ ရှော့တိုက်ဗုံး သီး ၂ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ ဘတ္ထရီအိုး ၁၃ လုံး၊ အင်ဗာတာ ၁ လုံး သိမ်းဆည်းရမိတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ နယ်မြေရှင်းလင်းရေး ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေက ဒေသခံ ထောင်နဲ့ချီတဲ့ လူတွေဟာ မနေ့ မနက်အစောပိုင်းကစလို့ ရွာကိုစွန့်ခွာ ထွက်ပြေးနေတာ ဒီကနေ့အထိ ပြန်မရောက်သေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW