ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတွေရာနဲ့ချီပိတ်မိနေပြီး လူနာတင်ယာဥ်တွေပါ ဖြတ်သန်းရဖို့ ခက်ခဲနေ

နိုဝင်ဘာ ၃၀ -၂၀၂၂
GG (VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ စောင့်ဆိုင်းရချိန်ကြာလို့ ကားတွေရာနဲ့ချီပိတ်မိပြီး လူနာတင်ယာဥ်ကားတွေလည်း ဖြတ်သန်းရဖို့ မလွယ်ကူတဲ့အခြေအနေတွေဖြစ်နေတယ်လို့သိရပါတယ်။

မော်လမြိုင်ဘက်အခြမ်းကနေ ရန်ကုန်ကိုသွားမယ်ဆိုရင် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံဖို့ အချိန် ၁၀ နာရီလောက်ကြာအောင် စောင့်ဆိုင်းတန်းစီရတာကြောင့် မော်လမြိုင်နဲ့ရန်ကုန်ခရီးက ညအိပ်ခရီးစဥ်ဖြစ်နေကြောင်း၊ ကားပိတ်တဲ့အခက်အခဲက အတော်ကိုအခြေအနေဆိုးနေတယ်လို့ ကားသမားတွေက ပြောပါတယ် ။

” မနေ့က နေ့လယ်၂ နာရီက တန်းစီတယ်။ အခုမနက် ၈နာရီမှ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ကနေဖြတ်ရပါတယ်။အချိန်တွေ အရမ်းပုတ်တယ်ဗျာ။အဲ့ဒီတော့ ဒီလမ်းက မဖြစ်မနေသွားဖို့ လူပဲသွားကြပါ။မဖြစ်မနေသွားရမယ်ဆိုရင် စားစရာ၊ရေ၊ ဆီအပြည့်၊ထမင်းအပြည့်အစုံယူလာကြပါ။ ရန်ကုန်ကို နေ့ချင်းရောက်တဲ့ခရီးက အခုတော့ တညအိပ်ဖြစ်နေပြီ။လူတွေလည်း အတော်လေးကိုပင်ပန်းနေရတယ် ” လို့ ကားသမားတဦးကပြောပါတယ်။

နိုဝင်ဘာ၂၈ ရက်နေ့ကလည်း ညောင်ခါးရှည်စစ်ဆေးဂိတ်ကိုဖြတ်ဖို့စောင့်နေတဲ့ တွဲကားယာဥ်မောင်းတဦး မူးလဲလို့ ဆေးရုံကိုပို့ဖို့အတွက် လူနာတင်ကားပင် ဖြတ်သန်းသွားဖို့ အဆင်မပြေကြောင်း၊ရန်ကုန်ကိုသွားရောက်ကုသရမယ့် လူနာတွေကို ပို့ဆောင်ရမှာလည်း စစ်ဆေးရေးဂိတ်မှာ အချိန်ကြာမြင့်စွာစောင့်ရတာကြောင့် လူနာအတွက်ရော လူမှုကူညီရေးအသင်းတွေအတွက်ပါ ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။

” ရန်ကုန်ကိုလွှဲပြောင်းလူနာဆိုရင် ပို့ရတာရှိတယ်။အရင်ကဆို ရန်ကုန်သွားဖို့က ၃နာရီ၄နာရီလောက်ပဲကြာတယ်။အခုကျ တညအိပ်သွားနေရတယ်။မနေ့ကရန်ကုန်သွားတယ်ဆိုရင် ဒီနေ့၁၂မှ မော်လမြိုင်ပြန်ရောက်တယ်။ လူနာတင်ယာဥ်ဆိုရင် အရေးကြီးလူနာဆိုရင် သူတို့လည်းစီစဥ်ပေးတာရှိပေမယ့် အခုကလမ်းပြောင်းပြန်ယာဥ်ကြောကနေကို သွားဖို့ခက်သွားတာ။ အခုက ကားတွေစစ်ပြီး တသုတ်ချင်းလွှတ်နေတာဆိုတော့ စောင့်ရတယ်။အဲ့ဒီလိုအချိန်တွေကြာတော့ နောက်လူနာတွေရှိလာရင် မကူညီနိုင်တဲ့အခြေအနေတွေဖြစ်လာတယ် “လို့ မော်လမြိုင်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ကားတစီးကိုစစ်ဆေးမှုက ၅ မိနစ်လောက်သာကြာတာမှန်ပေမယ့်လည်း တန်းစီစောင့်ဆိုင်းတဲ့ကားအရေအတွက်များတာကြောင့် ကားတွေရာနဲ့ချီပိတ်ဆို့နေရတာဖြစ်တယ်လို့ သိရပါတယ်။

ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုတွေဖြစ်နေတဲ့အတွက် ကုန်ကားတွေ အနေနဲ့ ပုတ်သိုးကုန်သယ်ယူပို့ဆောင်သူတွေမှာ ပစ္စည်းဆုံးရှုံးတာတွေလည်းရှိနေသလို ကုန်သည်စီးဆင်းမှုတွေလည်း နှောင့်နေးကုန်တယ်လို့သိရပါတယ်။

” သူတို့စစ်တာကတော့သိပ်မကြာပါဘူး။ဒါပေမယ့် အဲ့ဒီလမ်းက မွန်ပြည်နယ်ရော၊မြိတ်ဘက်ကပါ ဆုံပြီး ဆင်းကြတာဆိုတော့ ကားက တအားများပြီး ပိတ်ဆို့ကုန်တာပေါ့။ မနက်အစောတန်းစီသူတွေက တော်သေးတယ်။ညနေမှရောက်သူဆို ည ၁၂မှမဖြတ်ရသေးရင် တညအိပ်ရပြီ၊ ကုန်ကားတွေဆို အချိန်ကြာလို့ ပစ္စည်းတွေလွှင့်ပစ်နေတာတွေလည်းရှိတယ် “လို့ ညောင်ခါးရှည်ဂိတ်ကို ဖြတ်သန်းခဲ့သူတဦးကပြောပြပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ရောက်ရင် ကားပေါ်ပါသူအားလုံး လမ်းဆင်းလျှောက်ရပြီး ကားကတော့ X ray စက်မှာစစ်ဆေးခံရကြောင်း၊ည၁၂ကနေ မနက်၄နာရီအတွင်းစစ်ဆေးရေးဂိတ်ကိုပိတ်ထားတယ်လို့လည်းသိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို အခုနှစ် ဇူလိုင်လမှာ စတင် ဖွင့်လှစ်ကာ စစ်ဆေးနေတာဖြစ်ကြောင်း၊အဓိက ကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်က လက်နက်သယ်ယူမှုတွေ၊ အမည်မသိလက်နက်ကိုင်တွေရဲ့ ဝင်ထွက်သွားလာမှုတွေကို တားဆီးစစ်ဆေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝေါမြို့နယ်

Related posts

Leave a Comment

VOM News

FREE
VIEW