မုံရွာ – ပုသိမ်ကားလမ်းမှာ လိုင်းကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းမိ

နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ် ၊ မဲဇာလီကျေးရွာအနီး မုံရွာ – ပုသိမ်ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက မင်းတုန်း – ပြည် ပြေးဆွဲနေတဲ့ လိုင်းကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်လို့ မင်းတုန်းကားသမား အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မဲဇာလီမှာ အဖမ်းခံရတာပါ ၊ မင်းတုန်းနဲ့ ပြည် ပြေးဆွဲနေတဲ့ ဘုမ္မဝတီ ယာဥ်လိုင်းအသင်းက ကားဖြစ်တယ် ၊ Hyundai Starex (ခဲရောင်) ယာဉ်အမျိုးအစား ကားတစ်စီးက ကားမှားတပ်ဆင်ထားတဲ့ Air Compressor ထဲမှာ လက်နက်ခဲယမ်းတွေထည့်ပြီး သယ်လာတာဖြစ်တယ် “လို့ မင်းတုန်းဒေသခံ ကားသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မကွေးတိုင်းလုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက M-4 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက် ၊ ဘက်တံဆိပ် ၂၀၀ ခု၊ ရင်ထိုးတံဆိပ် ၁၀၀ ခု၊ ကပ်ခွာ ၃ လိပ်၊ M-16 ကျည်အိမ် ၈ ခု၊ ဒရုန်းကင်မရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်း ၆ ခုတို့ဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်၂ ဦးကို ကနဦး ဖမ်းဆီးအရေးယူထားတယ် “လို့ ပြောပါတယ်။

မကွေးတိုင်း ၊ မကွေးမြို့နယ် ပူးပေါင်း စစ်ဆေးရေး ဂိတ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ဝန်းကျင်က ရေစကြိုမြို့ကနေ သယ်ဆောင်လာတဲ့ ကြက်သွန်နီကားပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်နယ် ရွာငံလမ်းမှာ ကားတစ်စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းမိခဲ့ပါတယ်။

အဲ့ဒီနောက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် မန္တလေးကားလမ်း၊ လာရှိုး စစ်ဆေးရေးဂိတ်မှာလည်း အိမ်စီးကား တစ်စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်းမှာ ​ ရှမ်းပြည်နယ်၊ မူဆယ် မန္တလေးကားလမ်း ၊ ရွာငံကားလမ်း ၊ ကရင်ပြည်နယ် ၊ မြဝတီ ပဲခူးကားလမ်း ၊ မုံရွာ မန္တလေးကားလမ်း စတဲ့ လမ်းပိုင်းတွေမှာ တရားမဝင် သယ်ယူလာတဲ့ သေနတ် ၃ ထောင်ကျော်နဲ့ ကျည်ဆံ တစ်သောင်းကျော် အပြင် ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းဆည်ရမိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မင်းတုန်း

Related posts

Leave a Comment

VOM News

FREE
VIEW