ဆူးငှက်
အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက်
ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ အဆိုပါစာတမ်းများအနက် လူထုဒေါ်အမာ၏ “ဗမာသံတွေ ပျောက်ကုန်ပြီ” ဟူသော စာတမ်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။
စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်း
အဆိုပါ စာတမ်းကို ဖတ်ပြီး မန္တလေးမြို့၏ ဘုရားပွဲတိုင်းတွင် (ထိုစဉ်က) မပါမဖြစ် ပါခဲ့သော “စည်တော်ကြီးအဖွဲ့”များကို တန်ဖိုးထားရကောင်းမှန်း သိလာသည်။ ဘုရားပွဲ၏ အကြိုနေ့ ညတိုင်းတွင် ပါဝင်သော စည်တော်ကြီးအဖွဲ့ရှေ့ရှိ လူကျဲကျဲပါးပါးကြားတွင် ဝင်ထိုင်ရင်း စည်တော်ကြီး၏ ရာဇဝင် အခင်းအကျင်းများကို စိတ်ဝင်စားလာ၏။ လူထုဒေါ်အမာ၏ အဆိုပါစာတမ်းတွင် ပါသော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ဗျော၊ စည်တော်ကြီး၊ ဗျိုင်းတောင်စည်ဟူသော အကြောင်းအရာများတွင် “ဗျိုင်းတောင်စည်”က ထူးခြားနေသည်။
အဘယ့်ကြောင့်ဆိုသော် … ကျန်သော ဒိုး၊ ဒိုးပတ်ဝိုင်း၊ အိုးစည်၊ ဗျော နှင့် စည်တော်ကြီးအနက်၊ ဗျိုင်းတောင်စည်ကို ကျွန်တော်တို့ မမြင်ဖူးခဲ့ …။ မကြားဖူးခဲ့ …။ ကျွန်တော်တို့ လူလားမြောက်ချိန်တွင် အသုဘ များ၌ စည်အဖွဲ့သားများ မပါတော့ …။ အညာနှင့်မြေလတ်ပိုင်းရှိ ကျေးလက်များ၌သာ အတီးအမှုတ်များနှင့် အသုဘချဆောင်သည့် အစဉ်အလာရှိနေခြင်းဖြစ်သည်။
ဗျိုင်းတောင် စည်များ
ထိုစဉ်က မန္တလေးတွင် ထင်ရှားခဲ့သော ပျဉ်းမနားကိုယ်တော်ကြီး၏ နာရေးတွင် “မသာတော်”အခမ်းအနားများဖြင့် ဗျိုင်းတောင် စည်များ ပါခဲ့သည်ဟု ကြားဖူးခဲ့၏။ လူထုဒေါ်အမာ၏ စာတမ်းတွင်ပါရှိသော ဗျိုင်းတောင်စည်များနှင့် ပတ်သက်သည့် ရေးသားချက်များတွင် “ဒါကြောင့် စည်တို့ ဗျိုင်းတောင်တို့ဟာ တောသုံးဘဝကနေပြီး ဆင်းရဲသားသုံး၊ တောသုံးဖြစ်လာတယ်။ လုပ်ငန်းသိပ်မကောင်းတော့ စည်သမားတွေကလည်း မန္တလေးမှာ မနေကြတော့ဘဲ ရန်ကုန်ဆင်းပြေးပြီး ဗဟန်းကုန်းတော်မှာ
ဝင်ခိုပြီး အငှားလိုက်ကြသတဲ့။ အဲဒီရောက်တော့ မသာလည်းတီး၊ အလှူလည်းတီးဖြစ်ကုန်တာပေ့ါ။ ခုတော့ ကွယ်သလောက် ပျက်သလောက် ရှိနေပါပြီ။ မန္တလေးမှာ လုံးလုံးမရှိတော့ဘူး၊ စည်သမားအဆက်အနွယ်တွေက မန္တလေးမှာ အသုဘကား ထောင်စားနေကြပါပြီ” ဟူသော ရေးသားချက်ကို မှတ်မှတ်သားသား ရှိလှသည်။
အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ
နောက်ထပ်၊ ဖတ်ဖြစ်သော လူထုဒေါ်အမာ၏ စာတမ်းတစ်စောင်က “အမျိုးသားသဘင်တွေရဲ့ကနေ့အခြေအနေ” ဟူသော စာတမ်းဖြစ်သည်။ ဓမ္မဗိမာန်တွင် ၁၉၇၁ ခုနှစ်က ဖတ်ကြားသော စာတမ်းဖြစ်သည်။
“အမျိုးသားသဘင်တွေရဲ့ ကနေ့အခြေအနေ” စာတမ်းတွင် ကျွန်တော်တခုတ်တရ သတိရနေသော အချက်များရှိသည်။ပြောကြာစို့ဆိုလျှင် စာတမ်းကို ဖတ်လိုက်ရမှ သတိထားမိပြီး အသိတစ်ခု ရင်ထဲ
ကိန်းအောင်း သွားသည်ဟု ပြောရမည်။ ထိုစာတမ်းကို ကျွန်တော်ဖတ်ရချိန်က ၁၉၇၅ နှင့် ၁၉၈၀
ကြားဝန်းကျင်ဖြစ်သည်။ ထိုအချိန် မန္တလေးမှာ အငြိမ့်အဖွဲ့ပေါင်း ၅၀ အထက်ရှိမည်။ အလားတူ ဇာတ်အဖွဲ့များလည်း ထိုနည်းနှင်နှင်ရှိမည်။ အခုလို သီတင်းကျွတ်ရာသီရောက်သည်နှင့် မန္တလေးမြို့၏ ညချမ်းမှာ အငြိမ့်ဆိုင်းမှ ကြေးနာင်သံလွင်လွင်လေးကို ညစဉ်မပြတ်ကြားနေရသည်။ သို့မဟုတ် ဇာတ်အဖွဲ့၏ ဆိုင်းမှ ယိုးဒယား ကရောင်းရိုက်သံကို ကြားနေရသည်။ တစ်ငြိမ့်တစ်လေမဟုတ် …။ တစ်ဇာတ်တစ်လေမဟုတ် …၊ အရပ်ရှစ်မျက်နှာမှ ကြားနေရသည့် အသံများဖြစ်သည်။ အိမ်တော်ရာဘုရားပွဲ
လိုမျိုးဆိုလျှင် တစ်ပြပတ်လည် ဘုရားပရိဝုဏ်အတွင်းမှာ အငြိမ့် ၄ ငြိမ့်၊ တစ်ခါတစ်ရံ ၅ငြိမ့်အထိ
တစ်ညတည်း ရှိနေတတ်သည်။ ဘုရားတံတိုင်းအပြင်ဘက်မှာ ဇာတ်အဖွဲ့လည်း ရှိ၏။ ကျွန်တော်တို့ ကလေးအမြင်မှာတော့ ဇာတ်အဖွဲ့တွေ၊ အငြိမ့်အဖွဲ့တွေ ဆူဖြိုး စည်ပင်တိုး တက်နေသည့်ကာလပဲပေါ့။
သို့သော် လူထုဒေါ်အမာက သူ့စာတမ်းတွေ ထိုကာလ (၁၉၇၁ ဝန်းကျင်) က မြန်မာ့သဘင်မှု အခြေအနေကို ယခုလို သုံးသပ်ထားသည်။
အငြိမ့်သဘင်ကို ဘယ်လိုပြန်ပြီး အဖတ်ဆယ်မလဲ
“… အထူးသဖြင့် ၁၉၆၈ ခုနှစ်ကစပြီး ကနေ့အထိ အငြိမ့်သဘင် ရုပ်ပျက်ဆင်းပျက်ဖြစ်လာလို့ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ ရေးတဲ့ဆောင်းပါးတွေ သတင်းစာတိုင်းမှာလိုလို ပါဝင်နေတာကို တွေ့လာရပါတယ်။ အငြိမ့်ဘာကြောင့် ဒါလောက် ပျက်စီးလာရသလဲ၊ အငြိမ့်သဘင်ကို ဘယ်လိုပြန်ပြီး အဖတ်ဆယ်မလဲ၊ အငြိမ့်သဘင်ကို ပြည်သူကြားမှာ တိုးတက်ထွန်းကားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အလေးအနက် ဆွေးနွေးကြရမယ့်အချိန် တိုင်လာပါပြီ။ အငြိမ့်သဘင်ဟာ ကိုလိုနီခေတ်မှာ ထွန်းကားခဲ့တယ်။ ဘာ့ကြောင့် ထွန်းကားသလဲ၊ ပြည်သူလူထုကြားကို ဆင်းသက်လာလို့ ထွန်းကားတာဖြစ်တယ်။ ပြီးတော့ ဖွဲ့စည်းပုံ ပုံစံကလည်း အငြိမ့်က အရင်းရှင်မဆန်ဘူး။ အငြိမ့်အဖွဲ့တစ်ဖွဲ့ကို ဒီအဖွဲ့ထဲက ပညာသည်တစ်ဦးဦးက ခေါင်းဆောင်ပြီး ဖွဲ့လိုက်တယ်။ အငြိမ့်ငှားခ ရလာတဲ့အခါ အနည်းအပါးသာရှိတဲ့ အငြိမ့်ပစ္စည်းအတွက် အစုတစ်စုထားပြီး ပညာသည်တွေအားလုံး အစုသားအဖြစ်နဲ့ ပညာအလိုက် မျှမျှတတ ခွဲဝေယူကြသည်။ ဒါ့ကြောင့် အငြိမ့်အဖွဲ့ကလေးဟာ မိသားစုလိုနေပြီး၊ အနုပညာဘက်မှာလည်း တစ်ဦးကို တစ်ဦး ဖေးဖေးမမနဲ့ အလုပ်လုပ်သွားကြတယ်။
အငြိမ့်ကို အုပ်စိုးခြယ်လှယ်သူ လူတန်းစားက သူတို့အတွက် သဘင်သက်သက်ဖြစ်အောင်တော့ လုပ်ချင်ပါရဲ့။ လူချမ်းသာတွေ စုဝေးပျော်မြူးရာ ကလပ်ထဲမှာ ကစေတာတို့၊ မင်းစိုးရာဇာတွေရဲ့
တိုက်ကြီးတွေပေါ်မှာပဲ ကစေတာတို့ လုပ်စေပါသေးတယ်။ ဒါပေမယ့် အငြိမ့်က မင်းသုံးမင်းဆောင်
သက်သက်အဖြစ်မခံဘဲ လူထုထဲကို ဆင်းလာတယ်။ အလှူပွဲ၊ မင်္ဂလာပွဲ၊ အိမ်တက်ပရိတ်နာ၊ ကလေးကင် ပွန်းတပ်ဆိုတဲ့ လူမှုရေးပွဲလမ်းသဘင်တွေမှာလည်း ကတယ်။ ဘုန်းကြီးပျံလို ဘုရားပွဲလို လူထုပွဲတွေမှာလည်း ကပြကြတယ်။ ဒါ့ကြောင့် ငြိမ့်ငြိမ့်ညောင်းညေင်း ကပြသီဆိုရာက ပွဲကြည့်ပရိသတ်နဲ့ လူအုပ်ကြားမှာ အဆူတီး၊ အသွက်က၊ အပျော်ပြောလာတဲ့ သဘင် ဖြစ်လာတယ်။” ဟု ခေတ်အမြင်နှင့် ဝေဖန်သည်။
“လူထု”သဘော၊ “လူထု”အသွင်
စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာက ကျွန်တော်တို့ အမြဲမြင်တွေ့နေရသော “အငြိမ့်”ကိုဖြစ်တည်ရာလမ်းကြာင်းဆီမှသည် ပစ္စက္ခအခြေအနေအထိ အနှစ်သဘော သုံးသပ်ပြသည်။ အငြိမ့်ကို “လူထု”သဘော၊ “လူထု”အသွင်အဖြစ် ဖြစ်ထွန်းမှု ဆီ ဖွင့်ဆိုပြသည်။
ဆက်လက်ရေးသားထားသည်မှာ …
“အဲဒီလို ပြည်သူလူထုနဲ့ ထိတွေ့မှုရှိလာတော့ အငြိမ့်ပညာသည်တွေက ပြည်သူနဲ့ တွဲဖက်ပြီး အခွင့်သာရင် သာသလို လူပြက်တွေအနေနဲ့ ပြည်သူတွေရဲ့ ခံစားရမှုကို ဖွင့်အံတာတို့၊ လူထုဆန္ဒကို ထုတ်ဖော်တာတို့ ကိုလိုနီယန္တရားရဲ့ ချွတ်ယွင်းချက်တွေကို သရော်ဝေဖန်တာတို့လည်း လုပ်လာနိုင်ကြတယ်။ အငြိမ့်စင်ပေါ်က လူရွှင်တော်တွေ ရရှိတဲ့ အဲဒီ ဒီမိုကရေစီအခွင့်အရေးဟာ ဆက်လက်ထိန်းသိမ်းသင့်တဲ့ ချစ်စရာ အခွင့်အရေးတစ်ခုပါပဲ” တဲ့။
ပြည်သူတို့ ၏ စကားပြန်
မန္တလေးတွင် ခေတ်စား တွင်ကျယ်ခဲ့သော …၊ မန္တလေးတွင်သာမက တစ်ပြည်လုံးအတိုင်းအတာတစ်ခုအနေနှင့် တောရော မြို့ပါ မကျန် လူထုသဘောဆောင်သော အငြိမ့်သဘင်နှင့်အတူ၊ အငြိမ့်မင်းသမီး လူပြက်များပါမကျန် အစိတ်အပိုင်းတစ်ခုအားဖြင့် “ပြည်သူတို့ ၏ စကားပြန်”အဖြစ် တည်ရှိနေပုံများကို ထိုစာတမ်းတွင် ထင်ဟပ်ခဲ့သည်။ ထိုသို့သော လူထုသဘောဆောင်သည့် အငြိမ့်သဘင်မှ အစ… ကြည့်ချင်ပွဲများဖြင့် ပရိသတ်ကို ဖမ်းစားနိုင်သော ဇာတ်ပွဲများ …၊ အခကြေးငွေဖြင့် ကြည့်ရှုရသော ရုံဇာတ်ကြီးများအလယ်၊ ဗလာဆိုင်းများအဆုံး၊ မူရင်းအရိုးအသား မြန်မာမှုများနှင့် တိမ်းပါးယိမ်းပါး ရှိလာခြင်း၏ ရင်းခံဇစ်မြစ်ကိုလည်း ထိုစာတမ်းတွင် ပွင့်လင်းစွာ ဆွေးနွေးဝေဖန်ထားသည်။
ကြောင်းရင်းခံမှာ …
“ဗမာ့သဘင် ဒီခေတ်မှာ ဘာ့ကြောင့် ဆုတ်ယုတ်ရသလဲဆိုတာကို ဝဖန်ဆန်းစစ်တဲ့အခါ၊
(၁) ပြောင်းလဲလာတဲ့ခတ်ကာလ၊ လူတွေရဲ့ အတွေးအခေါ်နဲ့ ညီအောင် သဘင်ပညာက ပြောင်းလဲမလိုက်နိုင်လို့ ဆိုတာ တစ်ချက်
(၂) နယ်ချဲ့ယဉ်ကျေးမှုရဲ့ ထိုးနှက်ချက်၊
(၃) ပြည်သူတွေရဲ့စီးပွားရေးဆိုပြီး အပိုင်း ၃ပိုင်းရှိတာကို တွေ့ရပါတယ်” ဟု သုံးသပ်ဝေဖန်ပြထားသည်။
ထိုစဉ်ကာလ (၁၉၇၁ ခုနှစ် ဝန်းကျင်) ထိုဝေဖန်ချက်က မှန်နေသည်။ ယခုအချန်အထိ မှန်နေဆဲဟုလည်း ထပ်ဆင့်ဆိုရမည်။ အခြေခံအချက် အနှစ်သာရက ဒါပါပဲ။ စကားလုံး အသုံးအနှုန်းလေး ပြောင်းလဲရုံပါပဲ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး