တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရာ လားရင်း-လွယ်ဂျယ်ဂိတ်ကို ကိုဗစ်သတ်မှတ်ချက် ဖျက်သိမ်း

ဒီဇင်ဘာ ၁၁၊ ၂၀၂၂
Shy V (VOM)

မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ လွယ်ဂျယ်နဲ့ ထိစပ်နေတဲ့တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရာ လားရင်း-လွယ်ဂျယ်ဂိတ်မှာ ချမှတ်ထားတဲ့ ကိုဗစ်သတ်မှတ်ချက်‌တွေကို မနေ့ ဒီဇင်ဘာ ၁၀ ရက် ညသန်းခေါင်ယံ ၁၂ နာရီကစ ဖြေလျှော့ ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ လုံချွမ်ခရိုင် အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ နယ်စပ် ကုန်သည်၊ ကားသမားတွေဆီက သိရပါတယ်။

“ရှန်တိန် စနစ်တွေ လုံးဝ မရှိတော့ဘူးနော် လွယ်ဂျယ်ပေါက်မှာ၊ Export ကားတွေ အားလုံးကို လုံးဝ ဆေးဖျန်းစရာ မလို့တော့သလို ရှန်တိန်မရှိ‌တော့တာကြောင့် တရုတ်ဘက်ထဲ နကသ ယာဉ်စစ်ကွင်းကို မိမိကား မိမိမောင်းလို့ ရပါပြီ။” လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။

နောက်ထပ် ကားအုံနာလည်းဖြစ်သူ နယ်စပ်ကုန်သည် တဦးကလည်း “ဟုတ်တယ် စာလည်းတွေ့တယ်။ ခါတိုင်းလို ဆေးစစ် ဘာညာ ကွိကွ မလိုတော့ဘူး” လို့ ပြောပါတယ်။

ကားတွေ ဆေးဖျန်းတာ၊ ပိုးသတ်ဆေးဖြန်းပြီး ပိုးသတ်ဖို့ ၁၂ နာရီထားတာ၊ စစ်ဆေးရေးဂိတ်တွေ ဝင်ရင် အထောက်အထား ဝင်ခွင့်ကဒ်၊ ခေါက်တို အစားထိုး ယာဉ်မောင်း (ရှန်တိန်)တွေ၊ တရုတ်ပြည်သို့ ပို့ကုန်စရင်း ကြိုတင် ပေးစရာမလိုတော့ကြောင်း တရုတ်ဘက် လုံချွမ်ခရိုင်အစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

လတ်တလောအတွင်း တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက် လော့ခ်ဒေါင်း တင်းကျပ်မှုအပေါ် မြို့ကြီးတွေထဲ ဆန္ဒပြလာပြီးနောက် တနိုင်ငံလုံးနီးပါး ‌ကိုဗစ် သတ်မှတ်ချက် လော့ခ်ဒေါင်းတွေ ပြန်လည်ဖြေလျှော့လာခဲ့တာဖြစ်ပြီး မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ အများဆုံးရှိတဲ့ ယူနန်ပြည်နယ်ကိုပါ ကိုဗစ် သတ်မှတ်ချက်တွေ ဖြေလျှော့ လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

လုံချွမ်ခရိုင် လားရင်း – လွယ်ဂျယ် ကနေ မြန်မာဘက်ကို မြေဆီ၊ ဘိလပ်မြေ၊ အထည်အလိပ်၊ လယ်ယာသုံးပစ္စည်း၊ စက်ပစ္စည်း နဲ့ လူသုံးကုန် ပစ္စည်း မျိုးစုံ တင်သွင်းပြီး ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ စတာတွေကို အဓိက တင်ပို့တာ ဖြစ်ပါတယ်။

Photo Crd -ကုန်သည်၊ ကားသမားများ
#voiceofmyanmar #VOM #လွယ်ဂျယ် #ကိုဗစ်သတ်မှတ်ချက်ဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW