မက်ဆီကို လူကပ်ကစားမှာမဟုတ်ဘဲ အာဂျင်တီးနားတသင်းလုံးကို ထိန်းချုပ်ကစားမယ်လို့ ခရိုအေးရှားအသင်းပြော

ဒိုဟာ၊ ဒီဇင်ဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို လူကပ်ကစားမှာမဟုတ်ဘဲ တသင်းလုံးဟန်ချက်မိမိနဲ့ကစားသွားမယ်လို့ ခရိုအေးရှားဘောလုံးသမားတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ခရိုအေးရှားဟာ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒုတိယအကြိမ်ရောက်ရှိဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတာဖိုင်နယ်မှာ အချိန်ပိုအတွင်း ဂိုးသွင်းခံခဲ့ရပေမယ့် ပင်နယ်တီနဲ့ ခရိုအေးရှားက အံ့အားသင့်ဖွယ်နိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ထိန်းချုပ်ဖို့ တိကျတဲ့အစီအစဉ်မရှိကြောင်း ၊ အသင်းအနေနဲ့ ကစားသမားတဦးထဲကို ထိန်းချုပ်ဖို့ အာရုံစိုက်မှာမဟုတ်ကြောင်း ခရိုအေးရှားတိုက်စစ်မှူး ဘရူနိုပက်ကိုဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူတယောက်ချင်းဆိုတာထက် အသင်းတသင်းလုံးကို ရပ်တန့်ဖို့ကြိုးစားသွားမှာဖြစ်ပြီး အာဂျင်တီးနားမှာ မက်ဆီသာမက ထူးချွန်တဲ့ကစားသမားတွေအများကြီးရှိတဲ့အတွက် အာဂျင်တီးနားတသင်းလုံးကို ထိန်းချုပ်ကစားသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဒိုဟာ

Related posts

Leave a Comment

VOM News

FREE
VIEW