ဒဂုံကျောင်းသားတယောက်နဲ့ အလုပ်သမားရေးဆောင်ရွက်သူ ၃ယောက် ထောင်ဒဏ်အသီးသီးချမှတ်ခံရ

ဒီဇင်ဘာ ၁၆-၂၀၂၂
VOM (GG)

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အလုပ်သမားအရေးဆောင်ရွက်သူအဖွဲ့ဝင် ၃ ယောက်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား တယောက်ကို ထောင်ဒဏ် အသီးသီးအမိန့် ချမှတ်လိုက်တယ်လို့သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ကိုရဲလင်းဦး(ရှေးဟောင်းသုတေသန – ဒုတိယနှစ်)ကို မနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့
မှာ အင်းစိန်ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင် ၇ နှစ်ထပ်မံချမှတ်လိုက်တာဖြစ်ပါတယ်။

CTUM အဖွဲ့ဝင်တွေဖြစ်တဲ့ မခိုင်သဉ္ဇာအေး (ခ)ဘုတ်ဘုတ်၊ မအိဖြူမြင့်နဲ့ ကားသမားဖြစ်သူ ဦး ဉာဏ်စိန်တို့ သုံးယောက်လုံးကိုလည်း ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

” ကိုရဲလင်းဦးက အရင်က ထောင် ၃ နှစ် ချခံထားရတော့ အခုဆို ၁၀ နှစ်ရှိသွားတာပေါ့။ ပထမချခံထားရတာက ရာဇသတ်ကြီးပုဒ်မ ၅၀၅ ကနဲ့ ပါ “လို့ ဒဂုံတက္ကသိုလ်ကျောင်းသား တယောက်ကပြောပါတယ်။

ကိုရဲလင်းဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ရက်နေ့က ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ၊အဲ့ဒီနောက် ၂၀၂၂ခုနှစ် မတ်လ ၁၀ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က နဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရတာကြောင့် အခုဆိုရင် ထောင် ၁၀ နှစ်အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။

CTUM အဖွဲ့ ဝင်၃ ယောက်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် (၃၁)ဂိတ်အနီးက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးပြီး ၈လအကြာမှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း CTUM အဖွဲ့ဝင် ကိုသက်နှင်းအောင်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)အရ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဒဂုံကျောင်းသား #အလုပ်သမားရေးဆောင်ရွက်သူ၃ယောက် #ထောင်ဒဏ်အသီးသီးချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW