==========
ဆူးငှက်
ဒီနှစ် (၂၀၂၂ ခုနှစ်) စက်တင်ဘာ လကုန်ပိုင်းလောက်က မထွက်ဖြစ်တာ ကြာလို့ တက္ကသိုလ်ကျောင်းသားဘဝက ကျင်လည်ခဲ့သော ထိုနေရာသို့ရောက်ဖြစ်သည်။ ဘာရယ်လို့တော့ မဟုတ်။
အထွေထွေ စိတ်ဖိဆီးမှုတွေ ပြေရာပြေကြောင်းနှင့် အတိတ်၏ပုံရိပ်အချို့ကို ဘယ်လောက်များ ပြန်ဖော်နိုင်မလဲဆိုသည့် စမ်းသပ်မှုဟုပဲ ဆိုချင်ပါသည်။
အခု ကျွန်တော် ငေးရပ်နေသည့် လူရှုပ် ကားရှုပ်
ဆိုင်ကယ်ရှုပ်နေရာက ၈၃လမ်းနှင့် ၂၂လမ်းဆုံတဲ့။
ကိုယ့်မှတ်ဉာဏ်ကို ကနဦးပြန်လည်ပုံဖော် စမ်းသပ်လိုက်တော့ ၈၃လမ်းနှင့် ၂၂လမ်းဆုံရာတွင်
ဒေါက်တာဆိုနီ ဆေးတိုက်ရှိသည်။ အရှေ့ဘက်မှာ ယခင် သမဝါယမ ဦးစီးမှူးရုံးရှိ၏။နောက်တော့ သမပိုင် တည်းခိုခန်း တဲ့။ဒေါက်တာဆိုနီ တိုက်ရှေ့၊ ၈၃လမ်းဘေးမှာ ကောက်ညှင်းပေါင်းနှင့် အကြော်သည်ရှိ၏။ ညနေစောင်းလျှင် စက်ဘီးတွေ၊ ဆိုင်ကယ်တွေနှင့် လက်မလည်အောင် ရောင်းရသည်။
အကြော်ဆိုင်နှင့် ထောင့်ဖြတ်မှာ ကိုကြူး နို့ချဉ်ဆိုင်ရှိသည်။ နို့ချဉ်ကောင်းလို့ လူစည်သည်။ သို့သော် တစ်နိုင်သာဖြစ်၏။ တစ်ခါတစ်ရံ မရတော့။ ယခု ရန်ကုန်ရောက်ကာ ကြီးပွားနေသည့် ဆရာကြည်လင်အေးတို့၊ ဒီဇိုင်း ကိုစိုးဝင်းငြိမ်းတို့နှင့် ကျွန်တော်သည် ဗီဒီယိုကြည့်ပြီးနောက် နို့ချဉ်ဝင်သောက်ရသော ရင်းနှီးလွတ်လပ်မှုများကို လွမ်းဆွတ်နေမိပါသည်။
၂၃လမ်းနှင့်၂၄လမ်းကြားမှာတော့ ပြောင်းလဲသည်။ ချစ်ညိုပုံနှိပ်တိုက် ဝင်းကြီးနေရာမှ တိုက်တန်းကြီး တစ်လုံး ဟည်းထပေါ်လာသည်။ ချစ်ညိုကား ယခင်က ဘာသာပြန် စာအုပ်ကောင်းများစွာ ရေးသား ထုတ်ဝေခဲ့ဖူးသော ထင်ရှားသည့် စာရေးဆရာ အယ်ဒီတာဖြစ်သည်။ နာမည်ကျော် ကျားဘငြိမ်းနှင့်
ညီအစ်ကိုတော်သည်။ လူထုသတင်းစာ အယ်ဒီတာလည်း လုပ်ခဲ့ဖူးသည်။ ကျွန်တော် စွဲလန်းနေတာက
“ချစ်ညိုပုံနှိပ်တိုက်”ဟူသော လက်ရေးဒီဇိုင်း ဆိုင်းဘုတ်နှင့် “ဓာတ်ပုံမောင့်ရသည်”ဟူသည့် လက်ရေး
ဆိုင်းဘုတ်များဖြစ်သည်။ ခေတ်မီလှသည့် လက်ရေးဒီဇိုင်းများပင်။ မျက်နှာချင်းဆိုင်တွင် အခုတော့ ယိုးဒယားစားသောက်ဆိုင်၊ ဟိုတယ်တွေ အသစ်ထိုးလာသည်။ ရွှေကျီးမြင်ဘုရား အနောက်မုခ်လည်း ၈၃လမ်းပေါ်မှာ ခံ့ညားလာသည်။
၈၃လမ်းနှင့် ၂၄လမ်းထောင့်မှာမန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ၂ရှိသည်။ ထိုလမ်းပေါ်က “မြို့မဆေးတိုက်”အဆောက်အအုံကတော့ မရှိတော့။ “မြို့မဆေးတိုက်”ဆိုသည်ကလည်း လက်ဟောင်း မန္တလေးဖြစ်ချေသည်။ ၈၃လမ်းနှင့် ၂၅လမ်းထောင့်မှာ “ဒေါင်းတိုက်” ရှိပါသည်။ အဆောက်အအုံ၏ထိပ်မှာ ဒေါင်းတစ်ကောင်နားနေပုံ ပါရှိသည်။ လက်ဟောင်း အဆောက်အအုံဟောင်းကြီးဖြစ်သည်။
ယခင်က ဒေါင်းတိုက်မှ သွားဆရာဝန် ဒေါက်တာအန်းဂါးကို သတိရမိပါသည်။ နူးညံ့ဖော်ရွေလှသော ဆရာဝန်ကြီးဖြစ်၏။ နာနေသော သွားတစ်ချောင်းကို
ညင်သာစွာ နူတ်ပေးသည်။ ဆေးတွေ အများကြီးပေးလိုက်သည်။ ငွေအစိတ်ကို အားနာစွာ ယူလိုက်သည်။ ၈၃လမ်း၏ ထိုအစိတ်အပိုင်းများကို မန္တလေးက စစ်ကိုင်းတန်းဟု ခေါ်ကြသည်။
ဒေါင်းတိုက်နှင့် မျက်နှာချင်းဆိုင်တွင် ဂါးဒင်းဟိုတယ်နှင့် နိုင်လွန်ဟိုတယ်ကြီး အသစ်နှစ်လုံး ပေါ်လာသည်။ ၈၃လမ်းနှင့် ၂၄လမ်းထောင့်မှသည် တောင်ဘက်ဆက်တော့ နိုင်လွန် အအေးဆိုင်ရှိသည်။ ၁၉၇၂/၇၃ ကာလက မန္တလေးမှာ အင်နှင့်အားနှင့် အအေးဆိုင်လုပ်ငန်းကို စတင်ခဲ့သူဖြစ်သည်။ သူ့မတိုင်မီက ရေခဲမုန့်စားချင်လျှင်၊ ဖာလူဒါသောက်ချင်လျှင် ညဈေးတန်း နာရီစင်အောက်မှာပဲ လွယ်လွင့်တကူ ရနိုင်၏။ ပုလင်းတွေ ရောင်စုံတင်ထားသည့် အအေးဆိုင် တွန်းလှည်းကြီးနောက်မှာတော့ အလုပ်သမားတစ်ယောက်သည် သစ်သားစည်တစ်လုံးထဲ ရေခဲတုံးတွေ ထည့်လိုက်။ ဆားခဲကြီးတွေ ထည့်လိုက်၊ သံဖြူပုံးကို ချွေးဒီးဒီးကျအောင် လှည့်လိုက်နှင့် အလုပ်ရှုပ်နေ၏။ ရေခဲမုန့်ဆိုသောအရာကို ထိုသစ်သားစည်ကြီးထဲမှ အခုလို ချွေးဒီးဒီးကျ လှုပ်ရှားမှ ရမှန်းမသိ။ ဤသို့ဖြင့် နာရီစင်အောက် အအေး ဆိုင်က သစ်သားစားပွဲ ခနော်ခနဲ့မှာ ထိုင်ပြီး ဒူးရင်းရေခဲမုန့်၊ စတော်ဘယ်ရီ ရေခဲမုန့်များကို မှာစားခဲ့ရသည်။
နိုင်လွန်ရေခဲမုန့်ဆိုင်ကြီး “၈၃”လမ်းမှာပါ်လာတော့ သပ်ရပ်သန့်ရှင်းသော တိုက်ခန်းမှာ မီးတွေထိန်နေသည်။ ဖော်မိုက်ကာ စားပွဲလှလှလေးတွေ ချထား သည်။ နီယွန်ဆိုင်းဘုတ်ကြီးက နိုင်လွန်စာလုံးများကို တစ်လှည့်စီ လင်းပေးသည်။ ထို့ထက် ထူးတာက ဆိုင်ရှေ့က ဆိုင်းဘုတ်ကြီးဖြစ်သည်။ ၆ပေx၃ပေ လာက်ရှိသည့် ဆိုင်းဘုတ်ကြီးမှာ …““ဒါမျိုးမဟုတ် ခေတ်မီစက်ကြီးဖြင့် ထုတ်လုပ်သော နိုင်လွန်ရေခဲမုန့်””ဟု စာလုံးကြီး ရေးထားသည်။ လက်ဟောင်းသစ်သားရေခဲမုန့် စည်ကြီးပုံကို အနီကြက်ခြေခတ်ပြထားသည်။ ဈေးကလည်း မကွာ။ ထို့ကြောင့် ခေတ်မီစက်ကြီးဖြင့် ထုတ်လုပ်နိုင်သော ရေခဲမုန့်ကို
အထူးအဆန်းအဖြစ် အားပေးကြရတော့သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ နိုင်လွန်ရေခဲမုန့်အစား၊ “ဒါမျိုးမဟုတ်”သွားစားရအောင်ဟူသော စကားတစ်ခွန်း တွင် သွား၏။
နိုင်လွန်အအေးဆိုင်၏ နဘေးမှာ ယခင်က အိုလံပီယာကဖေးဟူ၍ ရှိခဲ့ဖူးသည်။ ပေါက်စီ၊ ဝက်သားပေါင်း ကောင်း၏။ ယခုမရှိတော့။ ၎င်းနှင့် မျက်နှာချင်းဆိုင်မှာက နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးပညာကျောင်းဝင်းရှိသည်။ တစ်ခေတ်ကတော့ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ထိုကျောင်းဆင်းများ မျက်နှာ
ပွင့်လန်းခဲ့ဖူးလေသည်။ ကူးသန်းရောင်းဝယ်ရေးကျောင်းအပေါက်တောင်ဘက်မှာ မန်း စားသောက် ဆိုင်၊ ခွန်လေးလုံး မုန့်ဆိုင်များရှိသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလများဆီက ထိုနေရာတွင် နာမည်ကျော်အဆိုတော် ဂျေမောင်မောင်ကို သူ့လက်သုံး စက်ဘီးလေးနှင့် အမြဲတွေ့ရတတ်သည်။ တစ်ခါတစ်ရံ သမီးငယ်လေးကို ကျောပိုး ချီမကာ ယုယကြင်နာစွာ ထိန်းကျောင်းနေတာလည်း တွေ့ရသည်။ သီရိဂျေ မာင်မောင်လေး ဖြစ်မှာပေါ့။
၂၆ဘီလမ်းနှင့် ၈၃လမ်းထောင့်တွင် တိုကျိုအအေးဆိုင်လည်း ရှိခဲ့ဖူးပါသည်။ ယခုတော့ လျှပ်စစ်ပစ္စညဆိုင်။ ထောင့်တိုက်တန်းရှည်ကြီးက တရုတ်တန်းဈေးကြီးကို စတင်တည်ဆောက်ခဲ့သူ တရုတ်သူဋ္ဌေး
အဝိန်ကိုး ပိုင်ဆိုင်သည်ဟု ကြားဖူး၏။ နောက်တော့ သူ့သား ဓာတ်ပုံပညာကြီး ဦးချစ်ဝိန်နေသည်။ ဦးချစ်ဝိန်က ဓာတ်ပုံနှင့်ပတ်သက်လျှင် တကယ့် ဝါသနာကြီး၊ ဇွဲနဘဲကြီး၊ ပါရမီရှင်ကြီးလည်း ဖြစ်သည်။ တစ်ခါတွင် သူသည် ဓာတ်ပုံနဂ္ဂတစ်များကိုထောင်၍ ကြည့်နေသည်ကို မြင်ရတော့ မိတ်ဆွေတစ်ဦးက ““ကြည့်စမ်းပါဦးဗျာ၊ ပညာရှင်ကြီးတစ်ယောက်က သူ့အလုပ်ကို ဂရုစိုက်နေပုံက ဖလင်ဆိုတာ အခုမှပင် မြင်ဖူးတဲ့သူတစ်ယောက်လို စူးစိုက်လေ့လာမှု အပြည့်နဲ့ပဲဗျာ””ဟု သုံးသပ်ဖူး၏။ ဦးချစ်ဝိန်သည် မန္တလေးပတ်ဝန်ကျင်ရှိ နေရာဒေသ အတော်များများကို ဓာတ်ပုံဖြင့် မှတ်တမ်းတင်ပြီးပြီ။ ပြည်တွင်းဆု၊ နိုင်ငံတကာဆုတွေလည်း အများအပြား ရယူပြီးလေပြီ။ သူသည် ဓာတ်ပုံရိုက် မထွက်သည့်အခါ စန္ဒရားတွင် ထိုင်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် တီးခတ်နေတတ်သည်။ ကားတွေ ဆူညံနေသည့် ၈၃လမ်းနှင့် ၂၆လမ်းထောင့်မှာ သူ့အာရုံက စန္ဒရားခလုတ်များဆီပဲ ရှိနေသည်။ ဒီကနေ့ တီးမှုတ်နေသော မြို့မ သီချင်းများနှင့် ပတ်သက်၍ “မလိုအပ်ဘဲ ဒိုးချက်တွေ များလွန်းနေတယ်ဗျာ”ဟု ပြောပြသည်။ ဦးချစ်ဝိန်သည် ဂီတစာဆို ဦးဘိုခင်နှင့်လည်း ညီအစ်ကို တော်စပ်သည်ဟု သိရ၏။ အခု ဦးချစ်ဝိန်လည်းမရှိတော့။ သို့သော် နိုင်လွန်အအေးဆိုင်ကတော့ ယခင်ပုံစံအတိုင်း ရှိသေးရဲ့။ ဆိုင်းဘုတ်ကအစ မပြောင်းလဲ။
မျက်နှာချင်းဆိုင်မှာ ကာတစ်တိုက်ရှိသေးသည်။ ကာတစ်အင်ကိုး ကုမ္ပဏီကြီးအဖြစ် သိခဲ့ကြ၏။ ပရဆေးအမျိုးမျိုးရောင်းသည်။ ဆေးထောင်းငရုတ်ဆုံ ပုံကြီးက သူ့လိုဂိုအမှတ်အသားဖြစ်သည်။။
မြို့လယ်ခေါင်မှ ရှားရှားပါးပါး မန္တလေးခေတ်ဟောင်းလက်ကျန် တိုက်ကြီးဖြစ်၏။
ကျွန်တော်ကတော့ ၂၂လမ်းမှသည် ၂၆လမ်းအထိ ၈၃လမ်းအတိုင်း လမ်းလျှောက်ကြည့်ရင်း ဝေဝါးထွေပြားနေသော ပုံရိပ်များကို ကလနားသပ်ပေးလိုက်တာက ယခုအထိ ရှိနေဆဲဖြစ်သော နိုင်လွန် အအေးဆိုင်က ရေခဲမုန့်ကြော်ငြာ စာသားပဲဖြစ်သည်။ “ဒါမျိုးမဟုတ်” တဲ့။ ဟုတ်ကဲ့၊ ဒီစာသားက ခေတ်မီနေဆဲလေ။
“ဒါမျိုးမဟုတ်” တဲ့။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး