ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်း ထောင်၂ နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၂၉ – ၂၀၂၂
SN (VOM)

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းကို နောက်တိုးစွဲချက်တွေနဲ့ မနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ထောင်တွင်းတရားရုံးကနေ အပြီးသတ်အမိန့် ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ သိရပါတယ်။

နောက်တိုးစွပ်စွဲချက်တွေဖြစ်တဲ့ ပုဒ်မ ၄၂၀ – က နဲ့ ၄၆၈ တို့အတွက် ထောင်ဒဏ် ၄ နှစ်ကို တစ်ပေါင်းတည်း ၂ နှစ် ကျခံစေဖို့အတွက် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သူက မတ်လ ၃၀ ရက်တုန်းကလည်း ပုဒ်မ ၅၀၅(က) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ် ချခံထားရသေးတယ်။ အဲ့ဒါကြောင့် အခုထောင်ဒဏ်နဲ့ဆိုရင် စုစုပေါင်း ၅ နှစ်ပေါ့”လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မဆုရည်လင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကိုအသွား လမ်းခုလပ်မှာ အလွတ်တမ်းသတင်းထောက် ကိုဖိုးသားနဲ့အတူ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ရက်ပေါင်း ၁၀၂ ရက်အကြာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅- က နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု) ၊ ၄၆၈ (လိမ်လည်ရန်အလို့ငှာ စာရွက်စာတမ်းအတုပြုလုပ်မှု)တို့နဲ့ ထပ်မံ တရားစွဲဆိုခံထားရတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ နောက်တိုးထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ကာလအတွင်း ဖမ်းဆီးခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆ ဦး ရှိသည့်အနက်မှ ၁၂ ဦးမှာ ထောင်ဒဏ် အသီးသီး ချမှတ်ထားပြီးဖြစ်ကာ သေဆုံး/ကျဆုံး ကျောင်းသားကျောင်းသူ ၂ ဦးရှိနေပြီ ဖြစ်တယ်လို့ ကျောင်းသားသမဂ္ဂရုံးက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၂၈ရက်ကလည်း ဒေါပုံမြို့နယ် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW