သတင်းထောက် ကိုသူရိန်ကျော် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၃၁ – ၂၀၂၂
SN (VOM)

Media Top-4 သတင်းပေချ်ပိုင်ရှင် ကိုသူရိန်ကျော်ကို မရမ်းကုန်းခရိုင်တရားရုံး၊ တွဲဘက်ခရိုင်တရားသူကြီးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ပုဒ်မရဲ့ ပြစ်ဒဏ်ဟာ အများဆုံး သေဒဏ်ဖြစ်ကာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုသူရိန်ကျော်ဟာ ရန်ကုန်မြို့မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က သတင်းယူနေရင်း အမည်မသိ တိုက်ခိုက်သူတွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး နောက်တနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ မွန်းလွဲပိုင်းမှာ အင်းစိန်မြို့နယ် နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဖမ်းခံခဲ့ရပြီး ဧပြီ ၂၂ ရက်အထိ ရေကြည်အိုင် စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရကာ အဲ့ဒီ့နောက် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး ၁၀ လအကြာမှာတော့ အခုလို ထောင်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကိုသူရိန်ကျော် ထောင်ချခံရမှုနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေတဦးက “ကိုသူရိန်ကျော် ပြစ်ဒဏ်အနည်းဆုံးကျတာမှာ သူ့သားလေးရဲ့ချစ်မွှေးပါတာကလည်း အရေးပါတယ်။ ကိုသူရိန်ကျော်ကိုဖမ်းတဲ့နေ့က ဒီကလေးကိုယ်ဝန်နေ့စေ့လစေ့ပါ။ သူစစ်ကြောရေးရောက်နေတုန်းမှာမွေးတာ။ အခုက ၆ လသား။ အပြီးသတ်လျှောက်လဲချက် တင်တဲ့နေ့က ဒီကလေးကို သူ့အဒေါ်တွေက ကိုသူရိန်ကျော်ကိုပြဖို့ တရားရုံးကိုခေါ်လာတယ်။တရားရုံးမှာ သူ့အဖေလက်ထဲကြာကြာမနေဘူး။ ကျွန်တော့လက်ပေါ်နဲ့ ဆရာမဒေါ်ဇင်မာဦးလက်ပေါ်မှာပဲနေတော့တယ်။ တရားသူကြီးကို ပြတော့လည်း တရားသူကြီးဆီလိုက်မယ်ဆိုပြီး လက်တွေတန်းတန်း ကော့လန်ကော့လန်လုပ်သဗျာ။ တရားသူကြီးဆရာလည်း စိတ်ထဲအတော်ထိဟန်တူပါတယ်။ မျက်နှာညှိုးပြီး မျက်ရည်ဝိုင်းနေရှာတယ်။ ကလေးကလည်း ချစ်စရာကလေးကိုး။ ဖအေကို သေဒဏ်ကကယ်ပြီး အနည်းဆုံးပြစ်ဒဏ်ချအောင် တရားသူကြီးစိတ်ကို အရည်ပျော်စေတဲ့ကလေး။ အာဂကောင်လေး” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

နစက က ကိုသူရိန်ကျော်ကို ခဲယမ်းပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ သတင်းထုတ်ပြန်ထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နဲ့ မရမ်းကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူဟာ Media Top-4 သတင်းဌာနရဲ့ တည်ထောင်သူဖြစ်သလို တခြား သတင်းဌာနတွေမှာလည်း အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးချိန်ကစလို့ လွတ်လပ်တဲ့ ပြည်တွင်းက သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေဟာ နစကရဲ့ ပစ်မှတ်ထား ဖိနှိပ်ခြင်းကိုခံရပြီး သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ သတင်းမီဒီယာတိုက် ၁၁ ခုကိုလည်း လိုင်စင်တွေ ပိတ်သိမ်းခဲ့ပါတယ်။

ဖမ်းဆီးခံ သတင်းသမားများအနက် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်နဲ့ သတင်းထောက် Pu Tui Dim တို့ သေဆုံးခဲ့သလို အေစိုင်းကေ(ခ)စိုင်းဝင်းအောင်ကတော့ ကရင်ပြည်နယ်မှာ တိုက်ပွဲသတင်းရယူရင်း လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ သတင်းသမားတချို့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပေမယ့် သတင်းသမား ၂၀ ဦးထက်မနည်း အကျဉ်းထောင်တွေမှာ ချုပ်နှောင်တရားစွဲခံ၊ အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သူရိန်ကျော် #Media Top-4

Related posts

Leave a Comment

VOM News

FREE
VIEW