၇၇နှစ်ပြည့် ယဉ်တစ်ကိုယ်မယ်

ဆူးငှက်

မန္တလေးဆိုတာ အနုပညာနဲ့ တည်ဆောက်ခဲ့တဲ့မြို့ပါ။ ဒါ့ကြောင့်လည်း မြန်မာမင်းနေပြည်တော် အဆက်ဆက် မန္တလေးရတနာပုံမ်နေပြည်တော်လောက် ထီး၊ ဘွဲ့နန်း၊ ဘွဲ့မြို့တွေမများခဲ့ဘူးလို့ ပညာရှင်တွေ သုံးသပ်ကြတာပါ။ သီချင်း၊ ဂီတနဲ့မြို့တော်ကို တည်ဆောက်တယ်။ သီချင်း၊ ဂီတနဲ့ ထီးနန်း တည်ဆောက်တယ်။ သီချင်း၊ ဂီတနဲ့ တိုင်းသူပြည်သားစိတ်ဓာတ် မြှင့်တင်တယ်။ သီချင်း၊ ဂီတနဲ့ ဘုရင်ထီးဘုရား အမြော်အမြင်ကို တည့်မတ်တယ်။ သီချင်း၊ ဂီတနဲ့ ယိုင်နဲ့မှုတွေ တည့်မတ်တယ်။ သီချင်း၊ ဂီတနဲ့ ကျိုးကြောင်း ဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာက လူရဲ့ပင်မဇာစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲ ထိရောက်စွာ သိမ်းသွင်းခဲ့တဲ့ သဘောပါပဲ။ စိတ်မဏ္ဍိုင်မှတစ်ဆင့် ရုပ်ကိုပြုပြင်စေတဲ့ သဘော …။

ဒီလို သီချင်း၊ ဂီတနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေးမြို့ကြီးကို ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက်(၁၃၀၃ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၄ရက်၊သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်းသွန်မှောက်လိုက်ပြီး
တုန်လှုပ်ခြောက်ခြားဖွယ် အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့်ရာက်လာပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ၊ မန္တလေးသားများအဖို့ ဂျပန်လေတပ်ကြီး ချီတက်တာကိုပဲ ကောင်းကင်ဘား ဆပ်ကပ်ပြလေသလား ထင်မှတ်မှားပြီး
လက်ခုတ်လက်ဝါးတီးကာ ပျော်ပျော်ကြီး ကြည့်ကြရာက မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒလစပ် ပစ်ခတ်ပါမှ “တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟ”လို့ အော်ဟစ်ပုန်းအောင်းကြလို့… သေလိုက်ကြတာကလည်း သောက်သောက်လဲတဲ့။ဒီလိုနဲ့ မေလ ၁ရက် (၁၃၀၄ ခုနှစ်၊ ကဆုန်လဆုတ် ၃ရက်၊ သောကြာနေ့)မှာ ဂျပန်တွေ မန္တလေး တစ်မြို့လုံး သိမ်းပိုက်ပါတော့တယ်။

စစ်ရဲ့ အနိဋ္ဌာရုံကို သုံးနှစ်သုံးမိုးမျှ သေကွဲကွဲကြ၊ ရှင်ကွဲကွဲကြနဲ့ နဖူးတွေ့ ဩဒူးတွေ့ခံစားကြရပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ရက် (၁၃၀၆ ခု၊ တန်ခူးလဆန်း ၉ ရက်၊ဗုဒ္ဓဟူးနေ့)မှပဲ ဂျပန်လက်အောက်က မန္တလေးမြို့ကြီး လွတ်မြောက်ခဲ့ပြီး… အရပ်ရှစ်မျက်နှာ ထွက်ပြေးကြတဲ့ မန္တလေးသူ မန္တလေးသားတွေ “ပြည်တော်ဝင်”နိုင်ကြတာ မဟုတ်ပါလား …။
စစ်ကြီးပြီးပေမယ့် စစ်ဒဏ်ရာဒဏ်ချက်က နှလုံး သည်းပွတ်ကို ဆွဲကိုင်လှုပ်ရမ်းခံစားစေတော့ … မိမဲ့၊ ဖမဲ့၊ အလုပ်မဲ့၊ အကိုင်မဲ့၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရတော့ ပညာမဲ့၊ ဥာဏ်မဲ့၊ အသိမဲ့ကြတာ မဆန်းပါဘူး …။ ကမ္ဘာပေါ်က မည်သည့်နိုင်ငံ၊ မည်သည့်တိုင်းပြည်၊ မည်သည့်နေရာဒေသ၊ မည်သည့်လူမျိုးဖြစ်စေ … “စစ်ဆိုတာနဲ့ ဒီအနိဋ္ဌာရုံတွေ၊ ဒီဆိုးကျိုးတွေ ခံစားကြ ရသူချည်းပါ။

ဒီတော့ စစ်ကြီးအပြီး မန္တလေးမှာ လူငယ် လူရွယ် လူလတ် ကျားမ မဟူ စစ်တပ်တွေ ပျက်စီးကုန်ပါပြီ။ ရွှံ့ထဲ၊ ဗွက်ထဲ၊ရေထဲမှာ အိုးမဲ့ အိမ်မဲ့ဖြစ်ကြပေမယ့် အဝတ်အစား၊ အပျော်အပါးက မလျော့ကြပါဘူး။ ပိုဆိုးတာက အလောင်းအစား၊ အသောက်အစားတွေပါ ပိုကဲလာတာမျိုးပါ။ မန္တလေးသူ ကုမ္မာရီလေးတွေကလည်း အလုပ်မရှိ၊ စားစရာ မရှိသာဖြစ်တာ … ညနေစောင်းတာနဲ့ နူတ်ခမ်းနီ ပါးနီဆိုး အဝတ်အစားအပြိုင်ဝတ်ပြီး ဓာတ်ရှင်သွားကြ၊ ပွဲလမ်းသွားကြတော့တာပါပဲ …။ အပျော်အပါးနောက်က ငွေကြေးက ဖဝါးခြေရာထပ်မလိုက်နိုင်တော့ လွယ်ကူတဲ့ ငွေရှာလမ်းတွေဆီ ရောက်ကြတော့တာပါပဲ။

မန္တလေးသား လုလင်ပျိုများကလည်း စစ်တပ်တွေဆီက ကျန်ရစ်ခဲ့တဲ့ နိုင်ငံခြား အရက်မျိုးစုံသောက်၊ ဘိန်းရှူ၊ အပျော်အပါးလိုက်၊ လောင်းကစားဝိုင်းထဲ အချိန်ကုန်ကြလေတော့ … လူတွေလည်း ရှူနာ ရှိုက်ကုန်း ခါးချိသာခွေယိုင်ဖြစ်လို့ပေါ့ …။

ကိုင်းဗျာ … ဒီကိုကို၊ ဒီမမတွေနဲ့ဘယ်နှယ့်လုပ်ပြီး တိုင်းပြည်လွတ်လပ်ရေးဆာင်ရွက်နိုင်မှာတုံး။
“ဒို့လူလေးများ ဆိုသလေ” ဆိုရင် အရက်ဆိုင်၊ ဖဲဝိုင်းနဲ့ ပြည့်တန်ဆာအိမ်တွေထဲက “တော်သလို ရော်သလို ကြည့်လုပ်ကြတာပေါ့”ဆိုတဲ့ ညောင်နာနာအသံတွေပဲ ထွက်လာမှာမဟုတ်လား …။ ဒီတော့… အမြော်အမြင်ရှိတဲ့ မြို့မိမြို့ဖတွေ၊ ပညာရှင်ကြီးတွေခေါင်းချင်းဆိုင်ကြရတော့တယ်။ “ဒီပုံစံနဲ့ ဆိုရင်မလွယ်ဘူး မောင်ရေ့”ဆိုတာမျိုးပေါ့လေ။

ကိုင်း …. ဒီလူငယ်တွေကို အဲဒီဆိုင်၊ အဲဒီဝိုင်း၊ အဲဒီအိမ်တွေက ဆွဲထုတ်ရမယ်။ ပထမဆုံး သူတို့စိတ်ဓာတ်တွေ ပြင်ရမယ်။ နီးစပ်ရာ ရပ်ကွက်တိုင်း အသင်းအဖွဲ့၊ အစည်းအရုံးတွေ ဖွဲ့စည်းပြီး ကျား၊မ ဟူသမျှ ကာယဗလ လိုက်စားပြီး အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးအဆင့်ကို ဆောင်ရွက်ကြရမယ်။ ဒါမှသာ လွတ်လပ်ရေးတိုက်ပွဲအတွက် “ပုခုံးနဲ့လက်ပြင်၊ကြောချင်ကသံချောင်း”ဖြစ်တော့မှာပေါ့ ဆိုပြီး … ၁၉၄၅ခု၊ ဒီဇင်ဘာလ ၂၉ရက် (၁၃၀၇ခု၊ နတ်တော်လဆုတ် ၁၀ရက်၊ စနေနေ့) မှာ “အထက်ဗမာနိုင်ငံ၊ ကိုယ်လက်ကျန်းမာရေးအသင်းကြီး၏ ကာယဗလပြပွဲ” ကို မန္တလေးမြို့လယ် ၈၂လမ်းနှင့် ၈၃လမ်းကြား၊ ၃၁လမ်းနှင့် ၃၁လမ်းကြားကနသူရိန်ဇာတ်ရုံကြီးမှာ ကျင်းပခဲ့တယ်။ မန္တလေးထုံးစံအတိုင်း ဆိုင်းနဲ့ဝိုင်းနဲ့၊ အဆိုနဲ့အကနဲ့၊ ကဇာတ်နဲ့ပြဇာတ်နဲ့ပါပဲ။ ထုံးစံအတိုင်း မြို့မငြိမ်းတို့ ဦးရင်လေးတို့ ဦးစီးပြီး မြို့မတီးဝိုင်းနဲ့ပါပဲ။ တီးဝိုင်းနာမည်ကိုတော့ “ကရဝိက်(သ)မြူးဆစ်” နဲ့ “ညှင်းတွဲ့တွဲ့” တီးဝိုင်းလို့တစ်ပိုင်းစီမှာ နာမည်ပေးခဲ့တယ်။

ပထမပိုင်းအစီအစဉ်ရဲ့ ပဏာမအဖြစ် “အိုလံပစ်” ဆိုတဲ့သီချင်းကို တီးမှုတ်တယ်။ အမျိုးသားများ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် မြို့မငြိမ်းက ရည်ရွယ်စပ်ဆိုတာပါ။ အဲဒီအချိန် ဇေယျာမောင်၊ ရွှေမန်းမောင်ဘွဲ့ရတဲ့ စစ်ကိုင်းသား ကိုလှမောင်(ရုပ်ရှင်မင်းသားဇယျ)တို့ ကိုဘသိန်းတို့ ဦးဆောင်ပြီး ကာယဗလမောင်များ ပါဝင်တဲ့ သရုပ်ပြမှုပါ။ “အိုလံပစ်” သီချင်းက မြန်မာလေးကင်းနဲ့ ဗိန်းမောင်းသံတွေကြားရသူတိုင်း ကြက်သီးမွှေးညှင်းထစရာပေါ့။ ဒီကနေ့အထိ သီဆိုကြဆဲ သီချင်းပါပဲ။

နောက်အစီအစဉ်မှာ သီချင်း ၁ အဖြစ် အမျိုးသမီးများ၏ ကျန်းမာရေးလေ့ကျင့်ခန်းသရုပ်ပြဖြစ်တယ်။ “လူ့တစ်သက်တာ ဖြစ်လာခိုက်ဝယ်၊ စိတ်ကို ချမ်းသာခြင်းဟာ ကျန်းမာခြင်းနဲ့ပြည့်စုံခြင်းသာ အရင်းခံဖြစ်တယ်…” အစချီတဲ့ သီချင်းပါ။ သုံးပိုဒ်ပါတယ်။

ဒီနေရာမှာ ဆရာမြို့မငြိမ်းခတ်မီပုံကို ပြောပြပါမယ်။ သီချင်း တတိယပိုဒ်မှာ
…““တို့နေစာလှုံမယ်၊ဘာဇဉ်ခဲဖွယ် ကန့်သတ်စားမယ်၊ လတ်ဆတ် ကောင်း ရာဝယ်၊ သူ့လိုရင်းအနက်၊ သူ့ပရိုတင်း အချက်၊ တွင်းထွက်ဆား၊ အဆီသကြား ကစီ၊ ကာဗိုဟိုက်ဒြိတ်၊ ဓာတ်ဗီတာမင်မျှလျှင်၊ အသက်ရှည်မယ်””လို့ ရေးစပ်ခဲ့တယ်။

သီချင်း ၂မှာက အခုထိ ထင်ရှားကျော်ကြားနေတဲ့ “ယဉ်တစ်ကိုယ်မယ်”သီချင်းကို ဆရာမြို့မငြိမ်းက ရေးစပ်ပေးခဲ့တယ်။
““သန်မာထွားကျိုင်းပြီး ကမ္ဘာသူအလယ် လျှောက်သွားမယ် အလွန်တင့်တယ်…””
ဆိုတဲ့သီချင်းပါ။

ဒီသီချင်းရဲ့ ဒုတိယပိုဒ်မှာလည်း အလွန်ခေတ်မီလှတဲ့ ဆရာမြို့မငြိမ်းရဲ့ စကားလုံး ကပ်သီးကပ်သပ်တွေကို တွေ့ရသေးတယ်။
““ယဉ်မူနောင်းနွဲ့နွဲ့၊ ယဉ်တစ်ကိုယ်မယ်၊ ဟိုခတ်ဝယ်၊ ယဉ်ကျေးတယ်၊ နူးညံ့ပျော့ပြောင်းသွယ်၊ ထွာဆိုင်လေးသစ် ငယ်၊ လူဗိုလ်ပုံလယ်၊ ထိုခါးကို၊လေတိုးရင်၊ ကျိုးမှာ လွန်စိုးတယ်…”” တဲ့။ ဆိုကြသမျှကတော့ “ထွာဆိုင်လေး သေးငယ်…”ချည်းပါပဲ။

မိန်းကလေးတစ်ယောက်ရဲ့ စံချိန်မီအလှနဲ့ပတ်သက်ပြီး ခေတ်မီစွာစပ်ဆိုခဲ့တာပါ။ “ထွာဆိုင်” ဆိုတာ စံမီမြန်မာ့အတိုင်းအထွာအရ ၁၈လက်မရှိရပါတယ်။ လက်လေးသစ်က ၄ လက်မပါ။ ဒီတော့ “ထွာဆိုင် လေးသစ်”ဟာ ၁၈+၄=၂၂ လက်မပါပဲ။ ကျန်းမာသန်စွမ်းတဲ့ မိန်းကလေးတစ်ယောက် ရဲ့ အတိုင်းအထွာဟာ ၃၆၊ ၂၂၊ ၃၇ …ဆိုတဲ့ အချိုးတဲ့ ကိုက်ညီစေတာပါပဲ။

နောက်သီချင်း ၃ ကတော့ “အလံတော်ဒရိမ်း” ပါတဲ့။ ဒီသီချင်းမှာလည်း ၄ ပိုဒ်ပါတယ်။ ““ခုန်လွှား လန်းဆန်း၊ ခပ်ကြမ်းကြမ်းကောင်းပါတယ်။ (ဗမာ)၃ လုံမယ် ကစားပြီး လေ့လာကာရယ်၊ ကိုယ်လက်လှုပ်ရှား ခွန်အားကြီးကြောင်းကိုကွယ်၊ မချူမခြာ မာမာသန်သန် ကိုယ်ရည်သွေး ပြချင်တယ်…”” စတဲ့ စာသားတွေဖြစ်တယ်။

ဒီပွဲတော်ကြီးလည်းပြီးရော မန္တလေးရဲ့ရပ်ကွက်တိုင်းမှာ ကိုယ်ကာယကြံ့ခိုင်ရေးအသင်းတွေ၊ အလေးမအသင်းတွ အလျှိုအလျှို ပေါ်ပေါက်လာတော့တာပါပဲ။ ၁၉၄၅ခုနှစ်က ကျင်းပခဲ့တဲ့ ပွဲတော်ကြီးဆိုတော့ အခု ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ၇၇နှစ်ပြည့်ခဲ့ပြီပေါ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW