ဟင်္သာတမှာ ကျောက်တင်ကားနဲ့ပါလာတဲ့ အထောက်အထားမဲ့သူ ကလေး ၁၀ ဦးအပါအဝင် ၃၉ ဦးဖမ်းမိ

ဇန်နဝါရီ ၂-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့က လယ်တီကွင်း စစ်ဆေး ရေးဂိတ်မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက်မနက်ပိုင်းကဘကျောက်သယ်တဲ့ကားနဲ့ ကလေး ၁၀ ယောက်ထက်မနည်း ပါဝင်တဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၃၉ ယောက်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

”မနက်က ၁၀ နာရီကျော်ကျော်လောက်ဖမ်းမိတာ ၊
ဟင်္သာတမြို့နယ် ၊ လယ်တီကွင်းမြို့အဝင် စစ်ဆေးရေး ဂိတ်မှာဖမ်းမိတာ ၊မောင်းလာတဲ့ ကျောက်တင်ကားကို လုံခြုံရေးတွေက ရပ်တန့်စစ်ဆေးတာ ကားထဲမှာပါလာတာ၊ အထောက်အထားမဲ့ ကလေး ၁၀ ယောက်ထက် မနည်းပါတယ် ၊ အားလုံးပေါင်း ၃၉ ယောက်ပါ ၊ ယာဉ်မောင်းက ထွက်ပြေးသွားတယ် ။”လို့ လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က VOM ကိုပြောပါတယ်။

အခု ဖမ်းမိတဲ့ အထောက်အထားမဲ့သူ ၃၉ ယောက်ဟာ အမျိုးသမီး ၃ ယောက် ၊ အမျိုးသား ၃၆ ယောက် စုစုပေါင်း ၃၉ ယောက်ဖြစ်ပြီး အထောက်အထားမဲ့သူတွေကို ကျောက်တင်ကားနဲ့တင်ပြီး မောင်းခေါ်လာတဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ် ဘက်ကနေလာတာဖြစ်ပြီး အဲ့ဒီ ၃၉ ယောက်ကို ဟင်္သာတမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီကနေ့ အထောက်အထားမဲ့သူ ၃၉ ယောက်ကို ဟင်္သာတမြို့နယ်မှာ ဖမ်းမိတဲ့ ဖြစ်စဉ်ဟာ၂၀၂၃ခုနှစ် နှစ်အစမှာ ဧရာဝတီတိုင်းအတွင်း ပထမဆုံးဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်းကလည်း ဧရာဝတီတိုင်းက မြောင်းမြ ၊ ဘိုကလေး ၊ ဝါးခယ်မ ၊ ရေကြည် ၊ ဖျာပုံ ၊ ငါးသိုင်းချောင်း ၊ အမာ ၊ ပုသိမ် ၊ မော်လမြိုင်ကျွန်း ၊ မအူပင် ၊ ပန်းတနော် ၊ ကျိုက်လတ် ၊ စတဲ့မြို့နယ်တွေမှာ အထောက်အထားမဲ့သူ အယောက် ၇၀၀ နီးပါး ဖမ်းမိခဲ့ပြီး သူတို့ထဲက အယောက် ၁၀၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ

Related posts

Leave a Comment

VOM News

FREE
VIEW