အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်တွေကို အတ္တလန္တိတ်သမုဒ္ဒရာမှာ ရုရှားဖြန့်ကြက်

မော်စကို၊ ဇန်နဝါရီ-၅-၂၀၂၃
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ အသံထက်မြန်တဲ့ မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် ဇာကွန်ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောတစင်းကို အတ္တလန္တိတ်သမုဒ္ဒရာထဲကို ဇန်နဝါရီ ၄ ရက်မှာ စေလွှတ်လိုက်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားက နောက်ပြန်မဆုတ်ဘူးဆိုတဲ့ အရိပ်လက္ခဏာလည်းဖြစ်ပါတယ်။

အဲဒီလို ဟိုက်ပါဆိုးနစ်ခရုဇ်ဒုံးကျည်တွေကို ဖြန့်ကြက်ထားခြင်းကြောင့် ရုရှားကို အလားအလာရှိတဲ့ ပြင်ပခြိမ်းခြောက်မှုတွေကနေ ယုံကြည်စိတ်ချစွာ အကာအကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီး ဆာဂေးလပ်ဗ်ရွှိုင်ဂူ၊ ရေတပ်တာ၀န်ရှိသူတွေနဲ့ ရုပ်သံကနေဆွေးနွေးရာမှာ ပူတင်ကပြောပါတယ်။

ဒီလက်နက်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ ပူတင်ကပြောပါတယ်။ ဒီဒုံးကျည်တွေဟာ ဘယ်လိုဒုံးကျည်ကာကွယ်ရေးစနစ်ကိုမဆို ကျော်လွှားနိုင်ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးကဆိုပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲအတွင်း အသံထက်မြန်တဲ့ ကင်ဇယ်လ်ဒုံးကျည်တွေကို အသုံးပြုနေပါတယ်။ ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့ဟာ အသံထက်ငါးဆမြန်ပြီး ကြားဖြတ်ခြေရာခံဖျက်ဆီးဖို့ မလွယ်ကူတဲ့ ဟိုက်ပါဆိုးနစ်ဒုံးကျည်တွေ တီထွင်ထုတ်လုပ်ရေးကို အပြိုင်အဆိုင်လုပ်ဆောင်နေကြပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW