စင်ကာပူကနေ မြန်မာပြည်ပြန်လာတဲ့ အမျိုးသမီး သတ်ဖြတ်ခံရပြီး ရွှေ၊ ငွေများ လုယက်ခံရ

ဇန်နဝါရီ ၁၀ – ၂၀၂၃
SN (VOM)

စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတဦး မြန်မာပြည်ပြန်လာပြီး ရည်းစားဖြစ်သူနဲ့ လှိုင်သာယာမြို့နယ်အတွင်းရှိ တည်းခိုခန်းတခုမှာ ချိန်းဆိုတွေ့ဆုံခဲ့ပြီးနောက် ဓါးနဲ့ထိုးသတ်ခံရကာ ပါလာတဲ့ ရွှေ၊ ငွေတွေနဲ့ ဖုန်း လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စင်ကာပူမှာ အလုပ်လုပ်ကိုင်နေတဲ့ မနှင်းဝေလှိုင် (ခ) မလပြည့်ဟာ မြန်မာနိုင်ငံက မိဘတွေနဲ့ ဆွေမျိုးတွေကို အသိမပေးဘဲ ဇန်နဝါရီ ၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီးနောက် လှိုင်သာယာမှာနေထိုင်တဲ့ ရည်းစားဖြစ်သူ ကိုအောင်သူရိန်နဲ့အတူ လှိုင်သာယာ၊ စက်မှုဇုန် (၁)၊ တပင်ရွှေထီး တာဝါအနီးမှာရှိတဲ့ တည်းခိုခန်းတခုကို လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာတော့ အဲ့ဒီတည်းခိုးခန်းကနေ ကိုအောင်သူရိန်တဦးတည်း ပြန်ထွက်သွားပြီး နောက်‌တရက် ဇန်နဝါရီ ၇ ရက်နေ့မှာ မနှင်းဝေလှိုင်(ခ) မလပြည့်ကို တည်းခိုခန်းအတွင်း ဓားဒဏ်ရာ ၁၂ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး သူမနဲ့အတူပါလာတဲ့ ဖုန်း၊ စင်ကာပူဒေါ်လာတွေ၊ ရွှေတွေကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

“သူက မြန်မာနိုင်ငံကို အဲ့ဒီအမျိုးသားနဲ့ လက်ထပ်ဖို့အတွက် ပြန်သွားတာပါ။ ဖိတ်စာပါရိုက်ပြီးပြီလို့ ပြောတယ်။ အိမ်အကူလုပ်ပြီး စုဆောင်းထားတဲ့ ပစ္စည်းတွေလည်း ပါသွားတယ်။ မိဘအိမ်မပြန်ဘဲ ရည်းစားနဲ့ အရင်သွားတွေ့တာ။ သူ့မိဘတွေကလည်း သူပြန်လာတာ မသိကြဘူး။ သူတို့က အွန်လိုင်းကနေတွေ့ပြီး ကြိုက်ကြတာ။ အရင်ကလည်း အဲ့ဒီလိုတကြိမ် မြန်မာပြည်ပြန်ပြီး သူတို့နှစ်ယောက် တွေ့ဖူးကြသေးတယ်။ အခုတကြိမ်မှာတော့ သူများနိုင်ငံမှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပြီး ပါလာတဲ့ ပစ္စည်းတွေအပြင် အသက်ပါပေးလိုက်ရတာပေါ့“ လို့ သေဆုံးသူအမျိုးသမီးရဲ့ အသိမိတ်ဆွေတဦးက ပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဖိတ်စာအရ ကိုအောင်သူရိန်ဟာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာကလို့ သိရပြီး သေဆုံးသူ အမျိုးသမီးကတော့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ပြီး စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူတဦးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီး သေဆုံးနေတာကို သေဆုံးပြီး ၂ ရက်အကြာမှ တည်းခိုခန်းက သိရှိခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းတွေအရ ဇန်နဝါရီ ၆ ရက်မှာ ကိုအောင်သူရိန်တယောက်တည်း ပြန်ထွက်သွားတာကို တွေ့ရတယ်လို့ သိရပါတယ်။

“အသတ်ခံရတဲ့ညက ဘေးအခန်းက လာတည်းတဲ့သူတွေက အော်သံတွေကြားတယ်ဆိုပြီး တည်းခိုခန်းကောင်တာကို သွားပြောသေးတယ်တဲ့။ ဒါပေမယ့် ကောင်တာကလူတွေက သူတို့မှာ မှတ်ပုံတင်အပ်ထားတာပဲဆိုပြီး သွားမကြည့်တာတဲ့။ ၇ ရက်နေ့ မနက်ကမှ အပုပ်နံ့ထွက်လို့ သွားကြည့်တော့ သေနေတာတွေ့တာလို့ ပြောတယ်။ ကောင်လေးက အဲ့ဒီနေ့မတိုင်ခင်ကတည်းက ဘဏ်မှာ ပိုက်ဆံထုတ်ချင်လို့ဆိုပြီး မှတ်ပုံတင်ခဏယူသွားပြီးပြန်မလာတော့တာတဲ့“လို့ အဲ့ဒီ့ဖြစ်စဥ်ကို သိရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့ အသိမိတ်ဆွေတဦး တင်ထားတဲ့ ရုပ်သံဖိုင်တခုမှာ သတ်ဖြတ်ခံရသူ မနှင်းဝေလှိုင်ဟာ သူမ မြန်မာနိုင်ငံမပြန်မီ ဇန်နဝါရီ ၄ ရက်က ၄ နှစ်တာစုဆောင်းထားတဲ့ လုပ်အားခတွေကို ဗီဒီယိုရိုက်ကာ ပြသထားပြီး အဲ့ဒီမူဗီရဲ့ ရေတွက်မှုတွေအရ စင်ကာပူဒေါ်လာ ၅၀၀၀ နဲ့ ၁၂၀၀၀ ကြား မြန်မာနိုင်ငံကို ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW