စက်သုံးဆီစျေး ပြန်မြင့်တက်လာပြီး ၉၂ တလီတာကို ၂၃၀၀ ကျော်အထိဖြစ်လာ

ဇန်နဝါရီ ၂၁ – ၂၀၂၃
GG(VOM)

ပြည်တွင်းစက်သုံးဆီစျေးကွက် ထပ်မံမြင့်တက်လာပြီး ဓာတ်ဆီ 92 တစ်လီတာကို ၂၃၀၀ ကျော်ကနေ ၃၀၀၀ ကျပ် နီးပါးအထိ စျေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်တွေနဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီ၂၁ ရက်နေ့ စက်သုံးဆီစျေးတွေက 92 တလီတာကို ၂၃၀၅ ကျပ် ကနေ ၂၉၀၀ ကျပ်အထိ ၊ ၉၅ တလီတာကို ၂၃၈၅ ကျပ်ကနေ ၂၉၀၀ ကျပ်အထိ၊ ဒီဇယ် တလီတာကို၂၄၀၀ ကနေ ၃၅၀၀ ကျပ်အထိ၊ ပရီမီယံဒီဇယ်က တလီတာကို ၂၅၆၀ ကနေ ၃၅၆၀ ကျပ် အထိဖြစ်နေပါတယ်။

92 ဓာတ်ဆီ တလီတာ ၂၃၀၅ ကျပ်ဆိုတာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့က စက်သုံးဆီအရောင်းဆိုင်တွေရဲ့ စျေးဖြစ်ပြီး အခြားမြို့တွေမှာတော့ နေရာဒေသအလိုက် စက်သုံးဆီ စျေးနူန်းမြင့်တက်ရောင်းချမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

” စျေးကတော့ တက်သွားတယ် ဟုတ်တယ်။ ဒီနေ့စျေး ကျမတို့လည်း 92 တလီတာ ၂၃၃၅ ကျပ်ပါ။ ဘာကြောင့်တက်သွားလဲတော့မသိဘူး၊ သူတို့ရောင်းခိုင်းတဲ့စျေးအတိုင်းရောင်းရတာပါ “လို့ စက်သုံးအရောင်းဆိုင်တခုရဲ့ ဝန်ထမ်းတဦးကပြောပါတယ်။

စက်သုံးဆီစျေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့​လောက်က 92 တလီတာကို အနိမ့်ဆုံး ၁၉၀၀ ကျော်သာရှိခဲ့ရာကနေ ဒီနေ့မှာ ၄၀၀ ကျပ် မြင့်တက်လာပြီး ၂၃၀၀ ကျော်အထိ ဖြစ်လာတာဖြစ်ပါတယ်။

” အများဆုံးက 92 ပဲသုံးကြတာလေ၊ဆီစျေးတက်ရင် လယ်ယာသုံးစက်အငှားခတွေကလည်း တက်လာတော့မယ်၊ နယ်မှာက ဆိုင်ကယ်အစီးများတယ်၊ ကားလေးတွေကျလည်း 92 သုံးတာများတော့ စျေးတက်တာ ဘယ်သူအတွက်မှ မကောင်းဘူး။ဘာလို့စျေးတက်လဲမေးတော့လည်း ဆိုင်တွေကဝန်ထမ်းတွေက ဘာမှမသိကြဘူး ။ ဒီနေ့ ၂၄၄၆ ဝယ်ရတယ် “လို့ ပြည်မြို့မှာ နေထိုင်သူတဦးကပြောပါတယ်။

လက်ရှိမှာ ဓာတ်ဆီစျေးတွေ ခုန်တက်သွားပေမယ့် စက်သုံးဆီအရောင်းဆိုင်တွေမှာ ဓာတ်ဆီပြတ်တောက်တာမျိုးမရှိဘဲ လိုချင်သလောက် ဝယ်ယူလို့ရနေသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ စက်သုံးဆီစျေးနူန်း မြင့်တက်လာတာကိုသာ အသိပေးထုတ်ပြန်ထားပြီး ဘာကြောင့် စက်သုံးဆီစျေးမြင့်တက်လာတယ်ဆိုတဲ့ အကြောင်းအရင်း တစုံတရာကိုတော့ ထုတ်ပြန်အသိပေးတာမျိုးမရှိသေးတာကိုလည်း တွေ့ရပါတယ်။

ဒါ့ကြောင့် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဆီ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့မရရှိခဲ့ပါဘူး။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဟာ စက်သုံးဆီအမျိုးအစား အလိုက် စင်ကာပူနိုင်ငံရဲ့နေ့စဉ် MOPS price အပေါ်မှာ အခြေခံပြီး သယ်ယူစရိတ်နဲ့ ပရီမီယံအာမခံကြေး ၊အခွန်အခနဲ့ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်တွေအပေါ် သင့်တင့်တဲ့ အမြတ်ရာခိုင်နှုန်း ထပ်ပေါင်းပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တို့အတွက် ရည်ညွှန်းလက်ကားစျေးနှုန်းနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့တွေအတွက် ရည်ညွှန်းလက်လီဈေးနှုန်းတွေကို နေ့စဉ်တွက်ချက်ပြီးထုတ်ပြန်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စက်သုံးဆီစျေး #ပြန်မြင့်တက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW