ဆွေးနွေးလေ့လာနိုင်သလေ အဖိုးတန်အမြူတေ မြန်မာမှုတွေ

ဆူးငှက်

“မောင် .. ဝါသနာထုံတဲ့ ကဗျာ၊ စာပေ၊ ဂီတတွေ …
အဖိုးတန်အမြုတေ မြန်မာမှုတွေ ..
ထီးစဉ်နန်းဆက် .. မန်မာ့ယဉ်ကျေးမှုအမွေ၊
ဆွေးနွေးလေ့လာနိုင်သလေ …
တစ်မြို့တစ်ဘာသာမတူတာတွေ …
ဆရာအဆူဆူ သဘောဖြူ
မိတ်ဟောင်းဆွေရင်းလို့ပဲ … ခင်မင်သူတွေ …”
မန္တလေး တေးပြုစာဆိုကြီး ဦးဘသိန်း(မန္တလေး) က သူ့ “ဖိတ်ခေါ်သံ” သီချင်းတွင် အထက်ပါအတိုင်းရးစပ်သီကုံးခဲ့သည်။

ကျွန်တော်သည် ထိုသီချင်းကို သတိရလေတိုင်း ထိုအပိုဒ်ကို မြတ်မြတ်နိုးနိုး မြိန်မြိန်ယှက်ယှက် သီဆိုမိသည်ချည်းဖြစ်သည်။ တကယ်တမ်း မန္တလေးသားပညာရှင်ဆရာကြီးတစ်ယောက်၏ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖူးလိုက်ပါမှ ထိုသီချင်းစာသားအဓိပ္ပာယ်လေးနက်မှုမှာ ပိုမိုသိသာထင်ရှားသွားတော့သည်။

၂၆ ဘီ(အာဇာနည်လမ်း)ပေါ်က အမှတ် ၂၁ အ.ထ.က၏ အနောက်ဘက် ကပ်လျက် လမ်းကြားလေးအတိုင်း မြောက်ဘက်သို့ဝင်ပြီး အိမ်ဝင်း ၃၊ ၄ ဝင်းကျော်တာနှင့် ထိုပညာရှင် ဆရာကြီးအိမ် ရောက်သည်။ သစ်သား ဝင်းထရံလေးကျာ်တာနှင့် ဆရာ့အိမ်ပေါက်က ဆီးကြို၏။ ဆရာ့အိမ်က ၂ ထပ်ဖြစ်သည်။ မြန်မာအိမ် စစ်စစ်ဖြစ်၏။ ဆရာက အောက်ထပ်မှာ အမြဲနေသည်။ အောက်ထပ်က နည်းနည်းနိမ့်သည့်အပြင် စာအုပ်စာတမ်းတွေ၊ ပန်းချီကားတွေ၊ပြက္ခဒိန်တွေ ရုပ်သေးရုပ်တွေ၊ ရှေးဟောင်းဆင်းတုတွေ၊ စာတိုက်တွေနှင့်မို့ အလင်းရောင် အဝင်နည်းသည်။ အဝင်ပေါက်မှာ ခရစ်စမတ်ကတ်တွေ၊ ပို့စကတ်တွေကို ကြိုးနှင့်တသီကြီး ချိတ်ဆွဲထားသည်။ ဖူဂျီရာမရှေ့က ချယ်ရီတွေပွင့်နေတာ နှစ်ဆန်းပြက္ခဒိန်မှာ တွေ့နေရသည်။ ဂျပန်ရောက် ဆရာ့တပည့်တွေပို့ထားပုံရသည်။ နံရံမှာ ဆီဆေးပန်းချီကားတွေလည်း တွေ့နေ၏။ မန္တလေးပုံရိပ်တွေက အများစုဖြစ်သည်။ ပခုက္ကူချည်ထည် ခန်းဆီး လိုက်ကာစတွေ ကာထားသည့် ပြတင်းပေါက်မှ ရှားရှားပါးပါးဝင်လာသော အလင်းရောင်က မှန်စီရွှေချစာတိုက်ဟောင်းကြီးကို ရိုးတိုးရိတ်တိတ် ကိုယ်ယောင်ပြစေ၏။ ပွတ်လုံးခံ စားပွဲဟောင်းပေါ်မှာ အင်းဝခေတ်မံဘုရားတစ်ဆူလည်း စံပယ်နေသည်။ ဆင်းတုတော်ရှေ့ဖန်ခွက်ထဲတွင် သပြေခက်လေးတွေ ထိုးစိုက်ထားသည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ အမရပူရခေတ်၊ ရတနာပုံခေတ် ပန်းပုပန်းခက်များနှင့်အတူ အုတ်ခွက်ဘုရား၊ ကျောက်ဆင်းတု၊ အသားဆင်းတု၊ သရိုးဆင်းတုများ၏ ဦးခေါင်းတော်များကိုလည်း အိမ်နံရံမှာ ချိတ်ဆွဲထားသည်။
ရှေ့က ယွန်းစားပွဲပေါ်မှာတော့ ပုရပိုက်တွေ၊ ပေစာထုပ်တွေ အပုံလိုက် စီထပ်ထားသည်။ ဧည့်စားပွဲပေါ်မှာ ကျောက်မိုးကြိုးသွား အပုံတစ်ပုံ၊ စားပွဲအောက်မှာက စာအုပ်တွေ အထပ်လိုက်။ ဂျပန်ပြည်ထုတ် ပစိဖိတ်မဂ္ဂဇင်း တစ်စောင်က လေအတိုက်မှာ တဖျပ်ဖျပ်လန်နေ၏။ ခပ်နိမ့်နိမ့် မျက်နှာကျက်မှာ ဘုန်းကြီးကျောင်းများတွင်သာ တွေ့ရတတ်တော့သည့် အောက်လင်း ဓာတ်မီးကြီးကို ဆွဲထားသည်။ ထိုအခန်း၏ အနောက်ဘက်နံရံမှာ တစ်ယောက်အိပ် ခုတင်လေး တစ်လုံးရှိသည်။ ခေါင်းအုံး၊စောင်၊ ခြင်ထောင်တွေကို ကပိုကရိုတင်ထား၏။ ခုတင်နှင့် ဧည့်စားပွဲကြားမှာ စာအုပ်ပုံကြီးတစ်ပုံက ခန်းဆီးသဖွယ် ခြားထားသည်။ စာအုပ်ပုံက ဝသုန္ဒြေနတ်သမီးရုပ်တုကို မထိတထိ မှီထား၏။ နတ်သမီးရုပ်တုရှေ့ မျက်နှာကျက်မှာ ဘုရားကြီးစောင်းတန်းက ကြေးစည်လေးတွေကို ပဒေသာပင်လို ချိတ်ဆွဲထားသေးသည်။ လှုပ်လိုက်လေတိုင်း တတင်တင်မြည်၏။ပြတင်းပေါက်က စင်ပေါ်မှာ သတင်းစာဟောင်းတွေကို စု၍ ထပ်ထားသည်။ပြတင်းပေါက် အပေါ်နံရံမှာက မန္တလေးနန်းတွင်းမိသားစု ရှေးဟောင်းပန်းချီကားကြီး တစ်ချပ်ရှိသည်။ခေါင်းရင်းမှာလည်း ရှေးဟောင်း ရွှေချည်ထိုး သံလျင်းကြီးတစ်ချပ် ချိတ်ထားသည်။ သုဝဏ္ဏသာမဇာတ်တော်ကြီးကို ရေးထိုးထား၏။ဘော်ကြယ်ပွင့်တို့ မှိန်နေပြီး ကတ္တီပါသားက နွမ်းနေ၏။

ဆရာက ဝသုန္ဒြေနတ်သမီး ပန်းပုရုပ်ဘေးက ပက်လက်ကုလားထိုင်ပေါ် ခပ်စောင်းစောင်းလှဲရင်း
စာတစ်အုပ်ဖတ်နေသည်။ ကျွန်တော်တို့ဝင်လာတာမြင်လို့ ကိုယ်ဟန်အနေအထားပာင်းလိုက်မှ ဆရာရှိမှန်း သိလိုက်ရသည်။ ဆရာ့နေရာက ခပ်မှောင်မှောင်၊ခေါင်းရင်းစင်ပေါ်မှာ စာကြည့်မီး ၆ဝ ဝပ်ကို အုပ်ဆောင်းနှင့် ထွန်းထားလေသည်။ ကျွန်တော့်ယောက်ဖက ဆရာ့တပည့်ရင်းဖြစ်သည်။ တက္ကသိုလ်မှာက ဆရာ့ထံမှပင် ညီအစ်ကိုလို တူဝရီးလိုပေါင်းခဲ့သည့် တပည့်ဖြစ်သည်။ ဆရာက ကျောင်းတုန်းက တပည့်တွေအကြောင်း၊ တစ်နယ်တစ်ကျေးရောက် တပည့်တွေအကြောင်း မေးသည်။ ကျွန်တော်က အခန်းတွင်းရှိ ရှေးဟောင်းပစ္စည်းတွေ၊ စာအုပ်စာတမ်းတွေ၊ ပန်းချီကားချပ်တွေကို တစ်ခုစီ ကြည့်ရင်း နစ်ဝင်နေသည်။ အားလုံး စိတ်ဝင်စားစရာတွေချည့် …။ ဤသို့ဖြင့် ကျွန်တော့်ယောက်ဖ လာတိုင်း ဆရာ့ထံ မကြာမကြာရောက်ဖြစ်သည်။

ကျွန်တော် ကိုယ်နှိုက်ကပင် ဆရာနှင့် ရင်းနှီးသွားသည်။ ဆရာ့ထံက ဝက်သားကို အမျိုးပေါင်းရာချီ
ချက်တတ်သည့် ရုပ်ရှင်မင်းသားလေးအကြောင်း၊ ဆရာရွှေပြည့်သား အုပ်ကြီးအကြောင်း၊ တောင်သမန် တောင်လေးလုံး ဦးဇင်းလေးအကြောင်း၊ အိုးဝေညိုမြအကြောင်း၊ အရှင်ဉာဏိဿရ တစ်ဖြစ်လဲ
ဆရာဦးဆန်းထွန်းအကြောင်း၊ သချိုင်းတော်အကြောင်း၊ ဘုရားကြီးဗုံတောင်အဖွဲ့ အကြောင်း၊
လှသင်းအတွင်းဝန်အကြောင်း၊ လှည်းတွေနှင့် ရတနာ့ဂူပွဲအကြောင်း စသည်ဖြင့် စသည်ဖြင့်
ကျွန်တော်ကြားချင်တာတွေ ကြားသိရသည်။ ဆရာနှင့် မည်သည့် အကြောင်းအရာပဲပြောပြော မန္တလေးနှင့် ပတ်သက်၍ စာပေ ဘူမိနက်သန်ဖြစ်သည့် တောင်သမန် တေင်လေးလုံးကျောင်းနှင့် ဝက်သားဟင်းလေးချက်ကို သိကျွမ်းရောက်ဖူး စားဖူးလိုစိတ် တသသဖြစ်မိသည်ချည်း …။ ဆရာကလည်း
ညွှန်းသကိုး …။

ကျွန်တော်က စာပေမှာ ရှေးဟောင်းသုတေသနမှာ စိတ်ဝင်စားမှန်းသိတော့ ဆရာက သူ့ထံ တံခါးမရှိ ဓားမရှိ ဝင်ထွက်ရန် ဖိတ်ခေါ်သည်။ ကျွန်တော် မကြာမကြာရောက်ဖြစ်ပါ၏။ တစ်ခါက ကျွန်တော့်မိဘများ မွေးရပ်မြေရှိ ဘုရားတစ်ဆူနှင့် ပတ်သက်သော သုတေသနဆိုင်ရာ စာတမ်းတစ်စောင်ကိုရေးသား၍ ဆရာ့ထံပြသည်။ ဆရာက တစ်ပတ်ခန့်ယူဖတ်သည်။နောက်တွေ့တော့ ဆရာက ထိုဘုရားသမိုင်းမှ လက်ရှိဘုရားပွဲကျင်းပပုံနှင့် သမိုင်းဆိုင်ရာ သုံးသပ်ချက်များနှင့်ပတ်သက်၍ ကျွန်တော်နှင့် သဘောထားအမြင်မတူပုံ ရှင်းပြသည်။ ဆရာကလက်ရှိ ရိုးရာအနေအထားကို မပျက်ယွင်းစေလို …။ ကျွန်တော်က ခေတ်စနစ်အရ ပြောင်းလဲသဖြင့် လက်ရှိရိုးရာက မူလပကတိဟုလက်မခံ…။ ထိုသို့ အမြင်မတူခြင်းဖြစ်သည်။ သို့သော် ဆရာက လွတ်လပ်စွာ သဘောကွဲလွဲခွင့်ပေးသည်။

တစ်ခုပဲပြောသည်။ ပုံနှိပ်ဖော်ပြရန်ဖြစ်ပါက စာတမ်းကို အခုလို စကားပြောပုံစံနှင့် မရေးဘဲ ခံ့ခံ့ညားညား စကားပြေပုံစံဖြင့် ပြောင်းလဲရေးသားရန်ပဲ တိုက်တွန်းသည်။ တစ်ခါကတော့ ကျွန်တော့်မိဘ ဇာတိကကျောက်မိုးကြိုးသွားတွေ ခပ်များများကိုယူပြီး
ဆရာ့ထံသွားပြသည်။ ဆရာက အားရဝမ်းသာကြည့်ရှုရင်း ” ဒါ .. တောင်သမန်အင်းစောင်းမှာတွေ့တဲ့ကျောက်လက်နက်တွေနဲ့ တစ်ခေတ်တည်းပဲ။ ကျောက်ခေတ်သစ် လက်နက်တွေပေါ”ဟုဆိုသည်။ ထို့နောက် တွေ့သည့်နေရာ၊ တွေ့ပုံတွေ့နည်းနှင့်တကွ
ပတ်ဝန်းကျင် ရေမြေသဘာဝတွေပါ မေးမြန်းသည်။ ရပ်ရွာက ဓာတ်တော်ကုန်းဟုသိရှိလက်ခံထားသည့်
တောတွင်းတစ်နေရာမှ ပဲရင်းအရွယ် ပဲနောက်အရွယ်၊ ပဲစင်းငုံအရွယ်ကျောက်လုံးလေးတွေ နမူနာကို(ထိုစဉ်က) ဘတ်စပရိုအလုံး ၁ဝဝ အပါ ဆေးပုလင်းတစ်ပုလင်းစာယူ၍ ဆရာ့ထံပြဖူးသည်။ ဆရာက
ထိုနေရာကိုသွားလိုသည်။ သွားရအောင်ဟု အားတက်သရော ဆို၏။

ထိုနေရာက လူသူကင်းဝေးရာ ချပ်ကြိုချပ်ကြားတာင်ကတုံး၊ ကုန်းကမူပေါ်မှာ ရှိသည်။ ကန္တာရပင်တွေပဲ ဝန်းရံနေ၏။ အလျား၊ အနံပေ ၂ဝ ပတ်လည်လောက်ပဲ ရှိမည်။ တောင်ကြော ကမူလေးပေါ်က ခပ်ပြန့်ပြန့်မြေပြင်။ ထိုနေရာမှ ထိုသို့သော အရွယ်အစားမျိုးစုံ ကျောက်လုံးလေးတွေ တလင်းပြင်ပေါ် ပဲတွေလှန်းထားသလိုဖြစ်သည်။ ဘယ်ခေတ်
ဘယ်ကာလကတည်းက ရှိခဲ့မှန်းမသိသော်လည်း လွန်ခဲ့သော နှစ်၃ဝလာက်ကထိ ထိုနေရာမှာ ရှေးကတည်းက ပုံစံအတိုင်း မပြောင်းလဲဟု လူကြီးသူမတွေကဆိုသည်။ ထိုနေရာမှလွဲ အခြားဘယ်နေရာမှာမှ ထိုကျောက်လုံးမျိုး မတွေ့ရ။ ရပ်ရွာကတော့ ထိုနေရာကို ဓာတ်တော်ကုန်းဟုခေါ်သည်။ ရဟန္တာဓာတ်တော်တွေဟု ယုံကြ၏။ ဆရာက ထိုနယ်မြေအတွင်း ကျောက်ခေတ်သစ်လက်ရာ ကျောက်လက်နက်ပစ္စည်းများတွေ့ရှိခြင်းနှင့်ဆက်စပ်ပြီး “လူသေရင် ကျောက်ဖျာပေါ်တင်ပြီး မီးသင်္ဂြိုဟ်ခဲ့ကြတော့ ကျန်ရစ်တဲ့ ပြာနဲ့ အရိုးတွေက ဓာတ်ပြု ပြောင်းလဲတာမျိုးလည်းဖြစ်နိုင်တယ်။ ဆရာသွားကြည့်ချင်တယ်” ဟုပြောဖူးသည်။ သို့သော် ကျွန်တော့်ဖက်က စီစဉ်မှုညံ့ဖျင်း၍ မသွားဖြစ်ခဲ့ …။

၁၉၇၅ ခုဝန်းကျင်နှစ်ကာလများကတည်းက ဆရာ့ထံမှ လွန်းတစ်ရာကြိုးကြီးချိတ်နှင့် ပတ်သက်သည့်
ပုံပြင်များ၊ ဘုတလင် တွင်းတောင်မှ ဥက္ကာပျံခဲနှင့် ထိုဥက္ကာပျံခဲတွင်း မျိုးရိုးဗီဇနှင့်လပြည့်လရောင်တို့
ဆက်စပ်မှု …။ မြန်မာပြည်တွင် ထိုတစ်နေရာတည်းမှ ရရှိသော တွင်းပိုး ။ ကျွန်တော်တို့ ဆရာ့တွင်းပိုးဇာတ်လမ်းကိုလည်း တငေးတမော နားထောင်ရသည်။ အဆုံးသတ်ရောက်မှ ဆရာက ဟာသနှောကာ
“ဒါတွေက စိတ်ကူးကြည့်တာပါကွာ” ဟု ဆိုချင်ဆိုသည်။ ထိုစဉ်ကတည်းက ဆရာ့ဆီက မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်ကို တွေ့ရသည်။ ရွှေချည်ထိုးဦးစိန်မြင့် ကိုလည်း ဆရာ့ဆီမှာ တွေ့ရတတ်သည်။

ထိုနှစ်ကာလများဆီက ကျွန်တော့်အစ်မနှင့်ယောက်ဖတို့ မမောနိုင်မပန်းနိုင် ကြိုးစားနေကြသည့် ဒေါ်သြဘာသောင်း ကဗျာလွတ်အကသမိုင်း စာအုပ်ကြီးအတွက် ဆရာက အထူးအားပေး ကူညီနေသည်။ ထိုစာအုပ်အတွက် ဒေါ်ဒေါ်လူထုဒေါ်အမာကလည်း အမှာစာချီးမြှင့်သည်။ ဆရာကလည်း အမှာစာချီးမြှင့်သည်။ ပြီးတော့ ဆရာဦးဝင်းတင်(ဟံသာဝတီ)ကလည်း အမှာစာချီးမြှင့်သည်။ ထိုစဉ်က ထုတ်ဝေခဲ့သော လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ထိုစာအုပ်ထုတ်ဝေတော့မည့်အကြောင်း ကြော်ငြာပင် ပါရှိခဲ့ပြီးပြီ။ သို့သော် ပညာရှင်ဆိုသူများ သဘောထားမကြီးနိုင်၍ မထုတ်ဝေနိုင်ခဲ့ …။
ယဉ်ကျေးမှုဝန်ကြီးဌာနကပင် ထိုစာမူကို ဖျောက်ဖျက်လိုက်ကြသည်။ ဆရာလည်း ဘာမှမတတ်နိုင်။
၁၉၇၈ ခုဝန်းကျင်က ကိစ္စပေမယ့် ဆရာကမမေ့ …၊ ဆရာမကွယ်လွန်မီ နှစ်တစ်နှစ်တွင် ကျွန်တော်နှင့် လူထုတိုက်မှာ အမှတ်မထင်တွေ့တော့ ထိုစာအုပ်ကိစ္စက မှတ်မှတ်ရရပြောသေးသည်။ ဆရာက ထိုစာအုပ်ကို ထပ်မံကြိုးပမ်းကြည့်ဖို့ တက်တက်ကြွကြွ
အားပေးနေသေးသည်။ ကျွန်တော်က ဆရာ့ကို ငေးကြည့်နေမိသည်။ မတွေ့ရတာကြာလို့လားမသိ၊ ဆရာကအသက်နှင့်မမျှ ဝနေသည်။

““အဖိုးတန်အမြူတေ မြန်မာမှုတွေ …
ထီးစဉ်နန်းဆက် .. မြန်မာ့ယဉ်ကျေးမှုအမွေ
ဆွေးနွေးလေ့လာနိုင်သလေ …
တစ်မြို့တစ်ဘာသာမတူတာတွေ …
ဆရာအဆူဆူသဘောဖြူ
မိတ်ဟောင်းဆွေရင်းလို့ပဲ ခင်မင်သူတွေ””ဟူသော သီချင်းသံကြားရတိုင်း ဆရာ့ကို သတိရနေတော့သည်။ ဆရာဟူသည်ကား ယခု သက်ရှိထင်ရှားရှိနေသေးလျှင် အသက်၁၀၄နှစ်ရှိပြီဖြစ်သော ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ဖြစ်သည်။

နောက်ဆုံးခံတပ်မှာ အလံဖြူလွှင့်တင်လုဆဲဆဲ မန္တလေးက ဆရာ့ကို မျက်ရည်အဝိုင်းသားနှင့် လွမ်းဆွတ်နေကြပါ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW