ပုဂံမှာ အမှိုက်တွေမီးရှို့မှု ဘုရားတွေနဲ့ဝေးတဲ့နေရာမှာ လုပ်ဆောင်ခြင်းဖြစ်လို့ ထိခိုက်မှုမရှိလို့ ရှေး/သုဌာန ပြော

ဇန်နဝါရီ ၂၁-၂၀၂၃
GG(VOM)

ပုဂံ ရှေးဟောင်းဇုန်က ဘုရားတွေကြားထဲမှာ
ရှေးဟောင်းသုတေသနဌာနကဦးဆောင်ပြီး အမှိုက်တွေကို မီးရှို့တယ်ဆိုကာ ပြည်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဘုရားတွေအနီးမှာ အမှိုက်တွေကို မီးရှိူ့မယ်ဆိုရင် လေထုညစ်ညမ်းမှုကတဆင့် ရှေးဟောင်းဘုရားတွေကိုထိခိုက်စေတာကြောင့် မလုပ်သင့်ဘူးဆိုပြီး ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။

အဲ့ဒီလို ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပုဂံရှေးသုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ” အမှိုက်တွေစွန့်ပစ်ထားတဲ့နေရာကြီး ချောင်းကောကြီး၊ရွာသားတွေလာပုံထားတဲ့နေရာကြီး၊တင်တဲ့သူက နေရာလည်းမသိဘာလည်း မသိလျှောက်ရေးနေတာ။ ငါတို့က နာလပိန်းတုန်းတွေမှမဟုတ်တာ ၊ ငါတို့သိတာပေါ့ နားလည်တာပေါ့။ဒေသခံတွေကလည်း အကုန်သိတယ်။သရပါတို့ ဘာတို့မှ မဟုတ်တာ။ဘုရားကြားမဟုတ်ဘူး။ပုဂံကရွာတွေ၊မင်းနန်သူရွာတွေလိုက်မေးကြည့်လိုက်”လို့ ပြန်လည်ပြောဆိုပါတယ်။

အပတ်စဥ် စနေနေ့တိုင်းမှာ ဌာနဆိုင်ရာအားလုံးပါတဲ့ ခရိုင်အလိုက် စုပေါင်းအမှိုက်လှဲရတာရှိကြောင်း အဲ့ဒီ အမှိုက်တွေကိုလည်း ဘုရားနဲ့ဝေးတဲ့နေရာတွေမှာ မီးရှို့ရကြောင်း၊ မီးရှို့ဖျက်ဆီးတာမှန်ပေမယ့် ဘုရားတွေနဲ့ဝေးရာမှာလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။

ပုဂံဒေသအခြေစိုက်ဖြစ်တဲ့ Bagan Heritage Trust အဖွဲ့ဝင်တဦးကလည်း ” ဘုရားနဲ့ဝေးဝေးမှာ မီးရှို့တာတော့ရှိပါတယ်။အဲ့ဒီလို ဘုရားနဲ့ဝေးတဲ့နေရာမှာရှို့ဖို့လည်း အကြံပြုထားတာရှိပါတယ်။ဘုရားတွေနဲ့တအားအနီးကပ်လုပ်ရင်တော့ အန္တရာယ်ရှိတာပေါ့၊ငြှိမ်းလို့မှ မလွယ်တာ၊အုတ်ခဲတွေမီးလောင်တာဖြစ်နိုင်တယ်၊တအားနီးကပ်အောင်မရှို့သင့်ဘူးပေါ့။ ” လို့ သုံးသပ်ပြောဆိုပါတယ်။

ပုဂံယဥ်ကျေးမှုဇုန်အတွင်းနေထိုင်တဲ့ မြို့ပေါ်နဲ့ ကျေးလက်နေ ဒေသခံအားလုံးနီးပါးဟာလည်း စွန့်ပစ် ပလပ်စတစ်ပါတဲ့ အမှိုက်အားလုံးကို မီးရှို့ ဖျက်ဆီးတာဖြစ်တယ်လို့ သိရပါတယ်။

” ရွာကလူတွေကျ ရွာအပြင်မှာ ပုံပြီးရှို့ကြတယ်။မြို့ပေါ်ကျလည်း လွတ်ကင်းရာမှာရှို့ကြတာပဲ။ဘုရားနားတော့မရှို့ကြပါဘူး။ မသိလို့ လုပ်မိလည်း တကြိမ်တခါပေါ့။ ကျနော်တို့ကတော့ မလုပ်ပါဘူးဗျာ၊ ဘုရားပွဲဆို ဘယ်လိုလုပ်မလဲ မီးခိုးတလူလူနဲ့ချက်ပြုတ်ရောင်းနေကြတာရှိမယ်​၊အမှိုက်တွေရှိမယ် အဲ့ဒါတွေလည်း ပြီးကျ မီးရှို့ကြတာ ” လို့ ပုဂံဒေသခံတဦးကပြောပါတယ်။

ရှေးဟောင်းသုတေသန ပညာရှင်တဦးကလည်း “နံရံပန်းချီတွေ ထိခိုက်မှုရှိနိုင်တာ သတိပြုသင့်ပါတယ်။ ရှေးခေတ်ကတည်းက ဘုရားထဲ ဝင်ချက်ပြုတ်စားသောက်ခဲ့ကြတော့ နံရံပန်းချီတွေဆုံးရှုံးတာများလှပါပြီ။ ပုဂံအမွေအနှစ်ဒေသတစ်ခုလုံး သန့်ရှင်းရေး လုပ်ပေးနေကြတာ အသိအမှတ်ပြုကျေးဇူးတင်ရပါတယ်။ အမွေအနှစ်ပေါ် လေထုညစ်ညမ်းမှု၊ မီးခိုးငွေ့ကြောင့်ထိခိုက်နိုင်မှု၊ မီးအန္တရာယ်ရှိနိုင်မှု တို့ကိုတော့ အထူးသတိပြုပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောပါတယ်။

ပုဂံမှာ ပရဟိတအဖွဲ့တွေလည်း မကြာခဏ အမှိုက်ကောက်တာတွေကို လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ပုဂံဒေသဟာ ၂၀၁၉ နှစ်ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်မှာ ကမ္ဘာ့အမွေအနှစ်ဒေသတွေလိုက်နာရမယ့် အချက်တွေနဲ့အတူ ထိန်းသိမ်းမှုလုပ်ငန်းတွေကို စနစ်တကျလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပုဂံရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဇုန်ထဲမှာ ရှေးဟောင်းဘုရား စေတီပုထိုးပေါင်း ၃၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #အမှိုက်မီးရို့ #ဘုရားတွေထိခိုက်မှုမရှိ #ရှေးသုပြော

Related posts

Leave a Comment

VOM News

FREE
VIEW