ရေဖြူမှာ တနေ့တည်း အုပ်ချုပ်ရေးမှူး ၂ ဦး အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး တဦးသေဆုံး၊၂ ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၅-၂၀၂၃
MM(VOM)

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ
တနေ့တည်း အုပ်ချုပ်ရေးမှူး ၂ ယောက်အပါအဝင်
လူ ၃ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ၁ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ရေဖြူမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက် တနေ့တည်း သေနတ်နဲ့ ပစ်ခံရသူတွေကတော့ ကံပေါက်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်စိုး ၊ ဇာဒီကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် အုပ်ချုပ်ရေးမှူဟောင်း ဦးအေးဟန်နဲ့ အုပ်ချုပ်ရေးမှူး ဦးခင်စိုးကို ဆိုင်ကယ်မောင်း ပို့ပေးလေ့ရှိတဲ့ အမျိုးသား ၁ ယောက်တို့ဖြစ်ပြီး သေဆုံးသွားသူမှာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ ဦးအေးဟန်ဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင် တယောက်ကပြောပါတယ်။

”ဒီနေ့ ဦးအေးဟန် နေအိမ်ကို မနက် ၁၀ နာရီကျော်က အမည်မသိ လက်နက်ကိုင် ၆ ယောက်ကရောက်လာပြီး ‌အိမ်ပေါ် ကနေ ခေါ်ချပြီး ပစ်သတ်ခဲ့တာ၊ ဦးအေးဟန်က သေဆုံးသွားတယ် ၊ ဦးအေးဟန်က အရင် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူပါ ၊ လက်ရှိ ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် တာဝန်ယူထားတဲ့သူတဲ့ ၊ နေ့လယ် ၁၂ နာရီလောက်ကလည်း ဇာဒီရွာနဲ့ ၈ မိုင်ခန့်အကွာမှာရှိတဲ့ ကံပေါက်ကျေးရွာက နစက လက်ထက်မှာခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်စိုးကိုလည်း အရပ်ဝတ်နဲ့ သေနတ်သမားတွေက နေအိမ်ကို လာရောက်ပစ်ခတ်ခဲ့တာပါ ၊သူကတော့ ဒဏ်ရာတွေပဲရရှိခဲ့တယ်၊ အဲ့ဒီပစ်ခတ်မှုထဲမှာ ဦးခင်စိုးကို အမြဲ ဆိုင်ကယ်နဲ့ မောင်းပို့ပေးနေတဲ့ အမျိုးသား ၁ယောက်လည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်။”လို့သူကဆက်ပြောပါတယ်။

ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ကံပေါက်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ ဆိုင်ကယ်မောင်းပို့ပေး နေတဲ့ အမျိုးသား ၁ ယောက်တို့ကို မောရဝတီရေတပ် ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုတွေဖြစ်ပွားအပြီး ကံပေါက်ကျေးရွာနဲ့ ဇာဒီကျေးရွာကို မောရဝတီရေတပ်နဲ့ ခလရ ၂၇၃ က တပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းက တနင်္သာရီတိုင်း ရေဖြူမြို့နယ် (ဃ) ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် (ခ) ဦးအာလူးမှာသေနတ်နဲ့ပစ်ခံရပြီး ထားဝယ်ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အင်းပြားရွာမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇွန်လ (၁၈)ရက် ညပိုင်းက အသက် (၁၅)နှစ်အရွယ် ကလေး(၁)ဦးအပါအဝင် မိသားစုဝင် (၄) ဦးသေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒါ့အပြင် ရေဖြူမြို့နယ်၊ မူးဒူးရွာမှာလည်း ၂၀၂၂ခုနှစ် ဩဂုတ်(၂၉)ရက် ညနေပိုင်းက အသက်(၆၀)အရွယ် အမျိုးသမီး(၁)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရေဖြူ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW