မန္တလေးမြို့မှာ ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်ကနေတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့

ဇန်နဝါရီ ၃၁-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် ၊ ၃၂(A)လမ်း၊ ၇၃-၇၄လမ်းကြားရှိ ပေါက်စီလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်မှာ ဒီနေ့မနက်ပိုင်းက ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်စုပုံထားရာကနေ အနီးရှိ ထီးပုံကိုမီးကူးစက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွါးခဲ့ပါတယ်။

“မီးဖိုဆောင်ထဲက ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်ကနေ မီးစလောင်တာပါ၊ မီးဖိုဆောင်(၁)လုံး၊ ပျဉ်ခင်း၊ နံကပ် (၂)ထပ်နေအိမ်အပေါ်ထပ်၊ မီးလောင်တဲ့ နေအိမ်ရဲ့ အရှေ့ဘက်က နေအိမ်တလုံးရဲ့အပေါ်ထပ် မျက်နှာကျက်အနည်းငယ်မီးလောင်ပျက်စီးခဲ့ပါတယ်”လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

မီးလောင်မှုကို Level-1အဆင့်သက်မှတ်ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ကာ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၆၀)ဦး၊ စုစုပေါင်း(၉၀)ဦး တို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုကြောင့် မီးသတ်တွက်ချက်တန်ဖိုးငွေ ၆၃သိန်းကျော် ဆုံးရှုံးခဲ့မှုကြောင့် မီးစလောင်တဲ့ နေအိမ်ပိုင်ရှင် အသက်(၂၆)နှစ်အရွယ် အမျိုးသားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ (ပ-၂၆/၂၀၂၃)ပုဒ်မ (၂၈၅)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo Crd -Than Htay
#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW