တာချီလိတ်မှာ ၅ ထပ်တိုက်တလုံး မီးလောင်မှုဖြစ်ပြီး ကျပ်သိန်း ၅၀၀၀ ကျော်ဆုံးရှုံးခဲ့

ဖေဖော်ဝါရီ၊၁၁-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ ပုံလို့လမ်းက လူနေငါးထပ်တိုက်တစ်လုံး ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၄ နာရီလောက်က မီးစတင်လောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုကြောင့် ၅ ထပ်တိုက် အဆောက်အဦးတခုလုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ကျော်လောက်ဆုံးရှုံးခဲ့ကာ လူတွေတော့ထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူ တယောက်ကပြောပါတယ်။

”ဒီနေ့ မနက် စောစောပိုင်းမှာလောင်တာ ၊အရမ်းအေးပြီး နှင်းတွေကျနေတာကြောင့် အခြားအိမ်တွကို မကူးစက်တာ၊ မီးလောင်တဲ့ အဆောက်အဦက ၅ ထပ်ရှိတဲ့တိုက်ပါ ၊ လူထိခိုက်မှုတော့ မရှိပါဘူး၊ မီးလောင်တဲ့အချိန် လူတွေက အော်ဟစ်ထွက်ပြေးကုန်လို့ လွတ်သွားတာ ၊ ဘာကြောင့် လောင်တာလည်းတော့ မသိသေးဘူး ၊ မီးသတ်ကစစ်ဆေးနေတယ် ၊ လူချမ်းသာတွေနေတဲ့ တိုက်ဆိုတော့ ဆုံးရှုံးမှုများတာပေါ့။”လို့သူက ဆက်ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုကို တာချီလိတ်မြို့နယ် မီးသတ်ဦးစီး ဌာနကမီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ ဦးလှမိုးလူမှုကူညီရေးအသင်း ဒေသခံတွေကပူးပေါင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၆ နာရီလောက်မှာ မီးလုံးဝ ငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ ၅ ထပ်တိုက်မှာလူ ၅ ယောက် နေထိုင်တယ်လို့သိရပြီး မီးလောင်တဲ့အကြောင်းအရင်း အသေးစိတ်ကို မီးသတ်ဦးစီးဌာနကနေ စစ်ဆေးနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ထဲမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ပါအန်ကျေးရွာမှာ မီးဖို မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ပွား လို့ နေအိမ် ၂ လုံးဆုံးရှုံးသွားခဲ့ပြီး နေအိမ်ပိုင်ရှင်အမျိုးသမီး ၁ ယောက်သေဆုံးကာ အမျိုးသား ၁ ယောက် ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၉ ရက်၊ ညပိုင်းကလည်း တာချီလိတ်မြို့နယ် ၊ ဝိန်းကျောက် ရပ်ကွက်မှာ အမှိုက်မီးရှို့ရာကနေ သွပ်မိုး၊ သွပ်ကာအိမ် တလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောအနေနဲ့တော့ ရှမ်းပြည်နယ်ထဲမှာ ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ထဲက နေအိမ်တလုံးလည်း ဒီနေ့မနက် ၄ နာရီမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင်ဖေဖော်ဝါရီ ၇ ရက်က လားရှိုးမြို့၊ ရပ်ကွက်(၅)မှာ နေအိမ်တလုံး မီးလောင်ခဲ့သလို တန့်ယန်းမြို့နယ်၊ ပန်လောင်ရွာမှာလည်း ဖေဖော်ဝါရီ ၈ ရက်က နေအိမ် တလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #တာချီလိတ် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW