သီပေါမြို့နယ်မှာ ဘုန်းကြီးကျောင်းမီးလောင်ပြီး အိပ်ပျော်နေတဲ့ ကိုရင်လေး ၁ ပါး ပျံလွန်တော်မူ

ဖေဖော်ဝါရီ ၊ ၁၄ ၊ ၂၀၂၃
SP(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ၊ စံဖိတ်ကျေးရွာမှာရှိတဲ့ မဏိရတနာစံဖိတ်ကျောင်းတိုက်ဟာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ၊ ည ၁၀ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ၊ ကျောင်းဆောင်ပေါ် အိပ်ပျော်နေတဲ့ ကိုရင်လေး ၁ ပါး ၊ မီးလောင်ပြီး ပျံလွန်တော်မူခဲ့တယ်လို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” ဘုရားမီး ပူဇော်ရာကနေ မီးစွဲလောင်တာလို့ ကနဦး သိရတယ် ၊ ယာယီကျောင်းဆောင်ကြီး ၁ ဆောင် မီးလောင်ဆုံးရှုံးတယ် ၊ အဲ့ဒီ ကျောင်းဆောင်ပေါ်မှာ အိပ်ပျော်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကိုရင်လေး ၁ ပါး မီးလောင် ပျံလွန်တော်မူတယ် “လို့ သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ကို သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ က မီးသတ်ယာဥ် ၄ စီးနဲ့ မီးငြိမ်သတ်တဲ့အခါ မိနစ် ၄၀ ကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်ပြီး ပျံလွန်တော်မူခဲ့တဲ့ ကိုရင်လေးရဲ့ ရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေး အဖွဲ့တွေက သီပေါမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။

သီပေါမြို့နယ်မှာ ဘုန်းကြီးကျောင်း မီးလောင်ပြီး ကိုရင်လေး ၁ ပါး ပျံလွန်တော်မူရတဲ့ ဖြစ်စဥ်ဟာ ပထမအကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #သီပေါ #ဘုန်းကြကျောင်းမီးလောင်မှု #ကိုရင်တပါးပျံလွန်တော်မှု

Related posts

Leave a Comment

VOM News

FREE
VIEW