ဆောင်းယွန်းယိုင်နွေ

ဆူးငှက်

“….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး
လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ…
ဆောင်းယွန်းယိုင်နွေ၊ လဝန်းရစ်ခါစွေ
ရွက်ဝါကြွေ…နွေမူးမူး
မိန်ရာသီ၊ ခါမှီလသာခေါင်
မြလွှာမှောင်…. တောင်ခိုးမြူး….”

မန္ဆလေးမှာက ဆောင်းအကုန် နွေအကူး အခုလို ကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။မြဝတီမင်းကြီး ဦးစက ဒီရာသီကို “ဘုံပျံနေနန်း” ပတ်ပျိုးကြီး၌ “ဆောင်းယွန်းယိုင်နွေ”
ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။နွေဘက်သို့ ယိုင်လုလု။ မနက်လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြ အအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီတော့။ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက်အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် “လေဝန်းရစ်ကာခွေ”လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ၏ ပွင့်လင်းမှုနှင့်အတူ ဆောင်းငွေ့၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင် မရှိလှသေး….။ ကြည့်လေရာရာ ရီဝေမှုန်မှိုင်းနေဆဲဖြစ်သည်။
××××× ×××××

” ရွက်နုဝါ ရာယှက်လို့
တာနက်တဲ့ မြိုင်သာ၊
စာရတက် ခိုင်ညှာမှာ
ကြိုင်မွှေးဝါ မပန်း၊

ထက်ဆွယ်ကမ်း ကုန်းဆည်
ရွတညီ လွမ်းစေဖို့ဆန်း”

ဆောင်းကဖြင့် လမ်းကြုံလို့ လှည့်ဝင်လာသည့် ဧည့်သည်တစ်ယောက်လို ထပြန်ရန် ဟန်တပြင်ပြင်
ဖြစ်နေချေပြီ။ ဟောကြည့် အခုပဲ နေထန်းတစ်ဖျားရောက်သည်နှင့် ဆောင်းငွေ့အသက်က ရုတ်ချည်း
ထွက်ပြေးသွားသည်။ အလည်လွန်လိုက်ပုံကလည်း ညနေငါးနာရီခွဲလောက်အထိ ပြန်မရောက်။နေလုံးကျချိန် ၆နာရီကျော်ပါမှ အရိပ်အယောင်ပြလာသည်။ ညသန်းခေါင် နားနီးပါးမှ ကမူးရှူးထိုးနှင့် အိပ်ရာဝင်တော့သည်။ စိမ့်စိမ့်..အေးအေး..ဆောင်း။ဟော..ကြည့်၊ မနက်လင်းပြန်တော့ အက်ဖ်အမ်ရေဒီယိုများ အစီအစဉ်စတာနှင့် မျက်ကလဲဆန်ပျာနှင့် ကိုယ်ရောင်ဖျောက်သွားပြန်၏။ နှင်းရည်ဝ၍ အမြဲငိုက်မျဉ်းနေသော သစ်ပင်များကလည်း၊ မဆီမဆိုင် ရုပ်ပြောင်း ရုပ်လွဲလုပ်ကာ မျက်နှာဝှက်ကြသေး၏။ သို့သော် သူတို့ခမျာ ရွက်ဝါတွေ ခါချနိုင်တာကလွဲလို့ ငေါလောကြီး…။

ဆောင်းနှောင်း သစ်ပင်များကား ဘုရားစောင်းတန်းမှ နိမိတ်ကြီးလးပါး သရုပ်ပြခန်းကို” သူအို”ခန်းမှချည်း သရုပ်ဆောင်ရန် ယိမ်းတိုက်ထားသလားအောက်မေ့ရသည်။ အားလုံးလိုလို နံရိုးပြိုင်းပြိုင်း..။ နွေဦးကို စောင့်မျှော်နေကြပုံမျိုးဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် နေ့လယ်ခင်းများကား မကြာမီ ရာသီအစ၊ လည်ပတ်တော့မည့် သကြားစက်၏ ဘွိုင်လာအိုး ချေးချွတ်ခေါက်သံအချက်ကျကျဖြင့် ပုဒ်ဖြတ်ပေးခြင်း ခံနေကြရ၏။ လမ်းဘေး အအေးဆိုင်ကလည်း ကြံရည်ကြိတ်စက် သံဘီးကြီးကို သင်္ဘောဆေးသုတ်ပြီး ဂျလောင်းဂျလောင်း မည်သံပေးကာ စမ်းသပ် စစ်ဆေးနေသည်။ နွေကလည်းမရောက်ခင် ဝီရိယလွန်ကဲစွာ ဟန်ရေးတပြပြ ဖြစ်လွန်းသောကြောင့် ဆောင်းနှောင်းက ဒေါသတကြီး တုံ့ပြန်လိုက်သဖြင့် တပို့တွဲလပြည့် လွန်ညများအထိ အစွမ်းထက်ထက် အေးမြသွားခဲ့၏။

ဟိုး..ရှေးယခင်ကတော့ ဤသို့သော တပို့တွဲ၏ အအေးမှာ ချွေးဒီးဒီးကျမျှ ထ-ထမနဲပွဲ၊ ဆင်ယင်ခဲ့ကြသေးသည်။ သူ့အိမ်က ကောက်ညှင်း ငါ့အိမ်က မြေပဲဆံ၊ ဟိုအိမ်က အုန်းသီး..၊ သည်အိမ်က ဆီနှင့်
အားလုံးပေါင်းကာစည်းကာ စုစည်း ညီညာလိုက်တော့ ထမနဲ တစ်ဒယ်ရ၏။ မိုးဗြဲဒယ်ကြီးထဲက
ပူပူနွေးနွေး အငွေ့တထောင်းထောင်းထ ထမနဲကို ဘုရားဆွမ်းတော်တင်ရန် ဦးစွာ ခူးခပ်ရသည်။
ထို့နောက် ဘုန်းကြီးကျောင်းများ အတွက်…။ ထို့နောက် အိမ်အနီးအပါး သက်ကြီး ရွယ်အိုများအတွက်…။
ထို့နောက် သူ့အိမ် ကိုယ့်အိမ် အချင်းချင်းဝငှကြသည်။မည်းကြ စမ်းကြသည်။ ပျော့သတဲ့..၊မာသတဲ့..၊ပေါ့သတဲ့..၊ ငန်သဟဲ့နှင့် အရသာဖလှယ်ကြ၏။ ကလေးတစ်ဖော်ကတော့ ဒယ်အိုးကချိုးနှင့် ယောင်းမမှာ ကပ်နေသော ထမနဲတွေခွာကာ တပျော်တပါး စားကြသည်။ ထိုညမှာပဲ မြတ်စွာဘုရားထံ မီးပုံထင်းများ ကပ်ကြ…၊ ထမနဲဆွမ်းများ ကပ်လှူကြသည်။ လပြည့်လွန်သည်နှင့် ဆောင်းက
ခေါင်းငိုက်စိုက်ချကာ ပန်းလျသွားတော့၏။
ဒါပေမယ့်..’နေပူလို့ ညချမ်း၊ တပေါင်းလသရမ်း’တဲ့လေ..။ လျှော့မတွက်လေနဲ့ဦး..။

×××××× ××××××

ပုရစ်နုနု၊ ကျေးဥငုံစီ၊
မြတ်ပန်းရင်ခတ်၊ လတ်လတ်ငယ်ပြုံးရီ၊
ဖန့်ဖန့်မပြီ၊ ခါညီချိန်ရက်၊
ပွင့်ထူးဆန်းစုံ၊ မြိုင်ရဂုံ၊
သိုက်မြုံပင်ယံထက်မှာတည့်လေး။
မောင်ပေါက်စည်(မန်းတက္ကသိုလ်)

ဆောင်းသည် အသက်ကြီးရင့်ခါမှ သူငယ်ပြန်ပြီး ငါမအိုသေးဟု အစွမ်းပြကာ အအေးဓာတ်ကုန်
လွတ်ပြီးနောက် အားမာန်လျှော့ချေပြီ။ မည်မျှပင် မာန်တင်း၍ စိတ်ဆောင်သော်လည်း ဇရာက
စကားပြောလာသောအခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်ပေ။ အရင်က တပို့တွဲလပြည့်ကျော်သည်နှင့်
အနွေးဓာတ် ဝင်ရောက်ကာ သရုပ်တွေ ပီပီပြင် လာသော်လည်း ဒီနှစ်မှာတော့ ဆောင်းသူငယ်ပြန်မှုကြောင့်သည် တပေါင်းဆန်းသည်အထိ နောက်ဆုတ်သေးလိုက်၏။ မည်သို့ပင်ဖြစ်စေ လောကနိယာမအရ ဆောင်းသည် ကုန်ချိန်တန်သည်နှင့် မည်သို့ပင်ကူပံ့ထာက်ကန်၍ မရနိုင်သော် သင်္ခါရ၏ အနားပေးခြင်းကို ခံရချေပြီ။

နွေသည်လည်း သူ့အချိန် သူ့အခါရောက်လို့ အစွမ်းပြဖို့ ဟန်ရေးပြပြန်ပြီ။ လက်ခမောင်း တဖောင်းဖောင်း ရိုက်ရင်း မာန်မာနတွေ တတ်ကြွနေပြန်၏။ ငါ့ရာသီ ငါ့ဥတုရောက်ရင်တော့ ငါ့ခြေ၊ငါ့လက်မို့ အစွမ်းပြ ပူလိုက်ဦးမဟဲ့ဟု ကြွေးကြော်နေသယောင်။
တကယ်တော့ သဘာဝတရားကြီးက ဘက်မလိုက်ဘဲ အပေးအယူ မျှမျှဖြင့် ညီညွတ်သော ပဋိပက္ခအသွင်ဆောင်ကာ လောကကြီးကို အလှဆင်၏။ လူသားများကို အကျိုးပြု၏။ သူ့စည်း သူ့တာ၊ ကိုယ့်စည်း ကိုယ့်တာ ပိုင်နိုင်စွာ မျှဝေယူ၍ အချိုးညီသော လုပ်ဆောင်အစွမ်းသတ္တိများဖြင့် ကောင်းကျိုးပြုစေခဲ့၏။ အခုတော့ သဘာဝတရားကို အတ္တ၊ မာန၊လောဘ၊ အဝိဇ္ဇာများဖြင့် ဆန့်ကျင်ကြလေပြီ။

မိုးကလည်း မိုးအလျောက် မိုးကြိုး၊လေပြင်း၊ မုန်တိုင်းများဖြင့် အစွမ်းပြခဲ့ပြီ။ ဆောင်းကလည်း ဆောင်းအလျောက် နှင်းထု၊ရေခဲမှတ်၊ အအေးရိုင်းများဖြင့် တက်ထောင်မာင်းနင်းပြု၏။ သည်လိုဆိုရင်ဖြင့်
ကလည်း အပူကြမ်တော့ချေမည်ပေါ့။ကန့်လန့်ကာ စဖွင့်သည်နှင့် အပူရှိန်က ဓားသွေး၊ မျှားချွန်၊ လှံသ လုပ်နေချေပြီ။ ဆောင်းနှင်းတို့ ကင်းလွတ်ခါစ ရွက်ဝါကြွေ၊ ပုရစ်ဖူးတို့ လွန့်လူးခါစ တမာန်ဥသြတို့ တွန်ကျူးခါစ ချစ်စဖွယ့် ရာသီမှာပင်၏ ကြိမ်းမောင်းသံကိုဖြင့် မကြားချင်တော့။ ယဉ်ကျေးဖွယ်ရာသော လူ့အဖွဲ့အစည်းတွင် ရရှိလာသည့် အချိန်တို ကာလအတွင်း ကိုယ်စွမ်းဆောင်နိုင်သည့်နရာမှ အပေးအယူမျှစွာ တာဝန်ကိုယ်စီ ယူကြရပေမည်။ ဘယ်သူက ဘယ်သူ့ထက်မှ ခေါင်းတစ်လုံး ပိုမမြင့်ကြ။ နွေလည်း နွေအလျောက်၊ မိုးလည်း မိုးအလျောက်၊ ဆောင်းလည်း ဆောင်းအလျောက်ပေါ့။ ပုရစ်ဖူးတို့ လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ဆောင်း။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW