ဒုံးကျည်စမ်းသပ်မှုကို ကြားဖြတ်ပစ်ချရင် စစ်ကြေညာတာအဖြစ်မှတ်ယူမှာဖြစ်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ မတ်-၈-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ပစ်ချရင် စစ်ကြေညာမှုအဖြစ် မှတ်ယူမှာဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက်လက်နက်စမ်းသပ်မှုကို အမေရိကန်က စစ်ရေးအရ အနှောက်အယှက်ပြုတာဟာ စစ်ကြေညာခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်တွေပိုမိုပစ်ခတ်နိုင်ကြောင်း သူမကအရိတ်အမြွတ်ပြောကြားထားပြီး ပစိဖိတ်သမုဒ္ဒရာဟာ အမေရိကန် သို့မဟုတ် ဂျပန်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာရှိမနေဘူးလို့ ပြောပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တကြိမ်တခါမှ ပစ်မချဘူးသေးပါဘူး။

ဒါပေမယ့်လည်း ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး နောက်ထပ်ဒုံးကျည်တွေပစ်ခတ်မယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားတာကြောင့် လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့အခြေအနေကို တင်းမာမှုတွေမြင့်တက်စေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုထားပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW