မတ် ၁၇ -၂၀၂၃
GG (VOM)
ပြည်တွင်း ၊ပြည်ပ နှမ်းစျေးကွက်မှာ ဝယ်လိုအားများနေတာကြောင့် နှမ်းနက် (စမုံ)နဲ့ နှမ်းဖြူ အမျိုးအစားက စျေးကောင်းရနေတယ်လို့ နှမ်းကုန်သည်တွေဆီက သိရပါတယ်။
လက်ရှိမှာ နှမ်းဖြူအသစ်က ၄၅ ပိဿာကို ၃၂၀၀၀၀ စျေးရှိနေပြီး နှမ်းနက်(စမုံ)က ၂၉၀၀၀၀ ကျပ်စျေးတန်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
နယ်မြေမအေးချမ်းတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေမှာ နှမ်းစိုက်ပျိုးမှုမလုပ်နိုင်တာကြောင့် အခုနှစ် နှမ်းအထွက်နူန်းလျော့ကျခဲ့လို့ ဝယ်လိုအား များပြီး ပစ္စည်းကရှားကာ စျေးနူန်းမြင့်လာတာဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။
” အက်ဆစ်အောင်တဲ့နှမ်းက စျေးကောင်းရတယ်၊မိုးလွတ်တဲ့နှမ်းပေါ့။ကယားဘက်ဆို မိုးနည်းတော့ အဲ့ဒီဘက်ကနှမ်းတွေလည်း ကောင်းတယ်။ အခုနှစ် နှမ်းက စိုက်ပျိုးမှုလျော့တော့ အထွက်နူန်းလည်းလျော့တယ်၊ဝယ်တဲ့သူကလည်း အက်ဆစ်အောင်တဲ့နှမ်းကို ပိုလိုချင်တယ်၊ပစ္စည်းကလည်းရှားတယ်။တရုတ်က နှမ်းနက်ရော တခြားနှမ်းရောအကုန်ဝယ်ပါတယ်၊နှမ်းအနက်ကိုတော့ ပိုလိုချင်တယ်။ ” လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးကပြောပါတယ်။
နှမ်းကို ပြည်ပတင်ပို့မှုအနေနဲ့ နယ်စပ်ကတဆင့် တရုတ်ကို အများဆုံးတင်ပို့ရပြီး ကျန်တဲ့နိုင်ငံတွေကတော့ စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဘူလ်ဂေးရီးယား၊ ဖိလစ်ပိုင်၊ နယ်သာလန်၊ မလေးရှား စတဲ့နိုင်ငံတွေကို တင်ပို့မှုရှိတယ်လို့သိရပါတယ်။
” နှမ်းကို တရုတ်က ကီလိုဂရမ်နဲ့ဝယ်တယ်၊ဂျပန်အပါအဝင် တခြားနိုင်ငံတွေက တန်ချိန်နဲ့ဝယ်တယ်။ ဂျပန်ကတော့ ဝယ်တာနည်းသွားတယ်။ ပြည်တွင်းစားသုံးမှုက နည်းတော့ ပြည်ပကိုပဲ အဓိကတင်ပို့ရတယ်၊ဒီမှာက နှမ်းယိုလုပ်တာရှိမယ်၊ဆီကြိတ်တာရှိမယ်၊ဆီကျတော့လည်း စျေးတန်းကမြင့်တော့ လူတိုင်းမစားကြဘူး “လို့ နှမ်းကုန်သည်တဦးကပြောပါတယ်။
နှမ်းကို မိုးတွင်းနဲ့ဆောင်းသီးနှံအဖြစ် တစ်နှစ်ကို၂ ကြိမ် စိုက်ပျိူးကြပြီး တနှစ်မှာ နှမ်းအထွက်နူန်းက တန်ချိန် ၂သိန်းကျော်ကနေ ၃ သိန်းနီးပါးလောက် ရှိတယ်လို့ သိရပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ လာမယ့်ဘဏ္ဍာနှစ်မှာ ပြည်ပကို နှမ်းတန်ချိန် ၂ သိန်းကျော် တင်ပို့ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။
နှမ်းကို မကွေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး အခုနောက်ပိုင်းမှာတော့ တိုးချဲ့ဒေသတွေအဖြစ် ကယားပြည်နယ်အပါအဝင် ဒေသအချို့မှာပါ စိုက်ပျိုးနေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #နှမ်းစျေးကွက်ကဏ္ဍ