ရွှေအင်ကြင်း သခင်မတို့ရွာ ရောက်ခဲ့ပါပေါ့ တမင်

ဆူးငှက်

ညို့ညိုဆိုင်းဆိုင်းမှိုင်းဝေရီ တောင်တက်ပါတော့၊ မြူခိုးကလေးတွေ ဘေးကယှက်လို့၊ တောင်တန်းတဖက်တချက် ဝန်းကာရံကာပင်၊ လွမ်းစရာ့ စံရာတခွင်၊ သခင်မမှာ ဟိုအရင်ဘဝတုန်းက ခင်ပဘာသို့အသွင်၊ သနားစရာ့ ရင်ခတ်သရဖီအခွေ အခွေပင်၊ ယခုတိုင်ပဲ ဒိဌအမြင်၊ ပုံတော်အစစ်ကို မြင်ရပြန်တော့၊ သခင်မ အရင်ဘဝက အသက်မရှည်လေခင်း၊ကျေးဇူးရှင်ရယ်… ရွှေလိုရှု.. နေညိုနု… မပျိုဥရဲ့ တောင်တော်အဝင်။

(တောင်တော် သခင်မ – နန်းတော်ရှေ့ဆရာတင်)

မန္တလေး၏ အလှဆုံးနေရာကိုပြပါဆိုလျှင် သခင်မတောင်တော် ၊ အိမ်ရှေ့မင်းထန်းတော၊ အင်ကျယ်ရွာနှင့်ချောင်းမကြီးဝန်းကျင်ကို ပြရပေမည်။ သမိုင်းအရ၊ ဒဏ္ဍာရီအရ ၊တောတောင်ရေမြေ ရှုခင်းအရ၊ သစ်ပင် သစ်တောအရ..၊ မန္တလေးနှင့် အလှမ်းမဝေးသည့်နေရာအရ အကောင်းဆုံး အလှဆုံးနေရာလည်းဖြစ်သည်။ ရတနာပုံခေတ်မှသည် သည်ဘက်ခေတ်အထိ မြို့၏အထွတ်အမြတ် အသည်းစွဲနေရာဖြစ်ခဲ့သည်။

ထို့အတူ မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့ အကောင်းဆုံးနေရာကို ပြပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွန်းဆိုရပေမည်။ တချို့ကလည်း မယ်ဥတောင်ဟုခေါ်ဆိုကြ၏။ မန္တလေးမြောက်ဘက် ရှစ်မိုင်အကွာ ကြာနီကန်၏ အရှေ့ဘက်တွင် တည်ရှိသည်။ရေမြေကလည်း အလွမ်းရေမြေ။ ပုဂံခေတ်၏ ကိုရင်မောင် မရွှေဥ အလွမ်းဇာတ် သန္ဓေ တည်ရှိရာရေမြေ ။

ထို အလွမ်းဇာတ်အစက သည်လိုတဲ့လေ။
ပုဂံခေတ် အနော်ရထာမင်း လက်ထက် မင်းမှုထမ်း ဦးရွှေသီးသည် ယခု မြသိန်းတန်တောင်ခြေရင်းတွင်တောခုတ် ရှင်းလင်းပြီး အိမ်နေရာရွေးချယ်ကာ ကျေးရွာတည်ထောင်ခဲ့သည်။ ထိုသို့ရွေးချယ်တည်ထားသောနေရာမို့ အိမ်ချယ်ရွာဟု ခေါ်ခဲ့ကြရာမှ နောက်တော့ အိမ်ကျယ်ရွာဟု တွင်သတဲ့လေ။ ထိုရွာ၏ ရွာသူကြီးလည်းဖြစ်သူ ဦးရွှေသီးနှင့်ဒေါ်အိုဇာတွင် လှပတင့်တယ်ကာ ရွှေဥလေးပမာ အသားအရည် ဝင်းဝါစိုပြေသော မရွှေဥ အမည်ရှိ သမီးချောလေးလည်းရှိသည်။ သမီးလေးက ရုပ်ရည်အဆင်းသာမက ယက်ကန်းခတ်ရာတွင်လည်း ကျွမ်းကျင်လိမ္မာသည့် အရည်အချင်းလည်း ရှိသည်။ ထိုစဉ်ကာလ အနော်ရထာမင်းသည် တရုတ်ပြည်မှ စွယ်တော်ပင့် အပြန် ယခုတောင်ပြုံးကြီးအရပ်တွင်စခန်းချရာတွင် ရွှေဖျဉ်းကြီး၊ရွှေဖျဉ်းလေး အမည်ရှိ ညီနောင် ၂ပါးလည်း ပါရှိသည်။ အနော်ရထာမင်းက စခန်းချသည့်နေရာ၌ ဆုတောင်းပြည့်စေတီ တည်ထားရာတွင် ပါလာသည့် နောက်တော်ပါ အားလုံး ဘုရားတည်သည့်လုပ်အားကုသိုလ်ကို မပျက်မကွက် ပါဝင်ကြရမည်ဟု အမိန့်တော်ရှိသည်။သို့သော်ရွှေဖျဉ်းကြီးရွှေဖျဉ်းလေး ညီနောင်က ဘုရားတည် လုပ်အားကုသိုလ်တွင် ပျက်ကွက်ပြီး လူငယ်သဘာဝ သွားလာလည်ပတ်နေကြသည်။ တကယ်တော့ ထိုသို့ လည်ပတ်ကြသည့်နေရာကတခြားနေရာမဟုတ်ပေ။ မရွှေဥ၏ အလှဂုဏ်သတင်းကြောင့် မရွှေဥရှိရာ အင်ကျယ်ရွာက မပြန်နိုင်ကြခြင်း ဖြစ်သည်။

သည်တော့ မရွှေဥကို ရွှေဖဉ်းလေးက မေတ္တာသက်ဝင်ကာ ချစ်စကားဆိုသည်ပေါ့။ ဒါကို မရွှေဥက လက်မခံခဲ့။ ထို့သို့ လက်မခံသောအခါရွှေဖျဥ်းလေးက မြသိန်းတန်တောင်ပေါ်က ကျောက်တုံးကြီးကို မရွှေဥ ယက်ကန်းခတ်နေသည့် အိမ်နေရာထိရောက်အောင် ပစ်သွင်းကာဘသူ့အစွမ်းကိုပြ သိမ်းသွင်းသော်လည်း မရွှေဥက လက်မခံခဲ့ပေ။ ထို့နောက် မိဘများက မရွှေဥကို သမီးကညာ အရွယ်မလင့်မီ နှမ်းကြဲရွာသား ကိုရင်မောင်နှင့် လက်ထပ်ထိမ်းမြားပေးခဲ့၏။

ရွှေဖျဉ်းညီနောင်မှာ ဘုရားတည်ကုသိုလ်ပျက်ကွက်မှုကြောင့် ချမှတ်ခံရသည့် မင်းပြစ်သင့်ကာကျော်စဉ်နယ်တလွှား အပိုင်စားရသည့် နတ်ဘဝရောက်သည့်တိုင် ရွှေဖျဉ်းလေး၏ မရွှေဥကို ရလိုမှုက မပျက်ပြယ်နိုင်သေးပေ။

ထိုအခါ မရွှေဥ၏ ခင်ပွန်း ကိုရင်မောင်တစ်ယောက် အထက်သို့ သစ်ဖောင်ချသွားခိုက် နတ်ဖြစ်သူ ရွှေဖျဉ်းလေးက မရွှေဥကို ချစ်စကားဆိုသည်။ မရွှေဥက လက်သင့်မခံငြင်းဆန်လိုက်ရာ စီးတော်ကျားနှင့်တိုက်စေသောကြောင့် သစ္စာရှင်မလေး မရွှေဥလည်း ခန္ဓာစဲ၍ နတ်ဘဝရောက်ရပြန်တော့သည်။ ခင်ပွန်းသည်အပေါ် သစ္စာမဖေါက်ဘဲ အသက်ပေးကာစောင့်ထိန်းခဲ့သည့် မရွှေဥကို သစ္စာရှင် သခင်မအဖြစ်ရင်ခတ်တောင်ကို အပိုင်စားရသောကြောင့် တောင်တော်စံ သခင်မဟု အမည်တွင်ခဲ့သည်။ ရင်ခတ်တောင်ကိုလည်း သခင်မတောင်၊ မမဥတောင်ဟု ထင်ရှား လူသိများခဲ့တော့သည်။

သခင်မတောင်တော်နှင့်တောင်ပေါ်တောင်အောက် သခင်မနန်းတို့ကိုသာ လူသိများကြသော်လည်း အင်ကျယ်ရွာက ပင်ရင်းမူလ မရွှေဥ၏ အိမ်နေရာကိုတော့ မသိခဲ့ကြပေ။ နှစ်ပေါင်းရာချီ သက်တမ်းရှိသောကြောင့်လည်း မရွှေဥ၏ အိမ်နေရာက တိုးချဲ့လာသော အိမ်များ တင်းကုပ်များအကြား မတင့်မတယ် တိမ်မြုတ်နေသောကြောင့် လူသူအများ မသိရှိကြခြင်းဖြစ်သည်။ ထို့ကြောင့် အိမ်ကျယ်ရွာက သစ္စာရှင် သခင်မ မရွှေဥအိမ်နေရာ နတ်နန်းကိုဖော်ထုတ်ရန်ဘဘိုးတော်ဦးကိုကိုကြီး အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးက ကြိုးပမ်းခဲ့သည်။ ဘိုးတော်ဦးကိုကိုကြီးသည်ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဟု ထင်ရှားသူဖြစ်သည်။ ဘိုးတော်ဦးကိုကိုကြီးက မရွှေဥ အိမ်ဂေဟာနတ်နန်းရှာဖွေတွေ့ရှိပုံများကို စာအုပ်စာတမ်းဖြင့် စံနစ်တကျ ရေးသားမှတ်တမ်းတင်ထားခဲ့သည်။ ဘိုးတော်ဦးကိုကိုကြီး၏ မှတ်တမ်းစာအုပ်ကို ဝမ်းကွဲညီမဖြစ်သူ ဒေါ်သီ(ဒေါ်သီသနပ်ခါး)နှင့် ခင်ပွန်း ဦးရွှေတို့ကတွေ့ရှိ ဖတ်ရှုရသောအခါ ဘိုးတော်ဦးကိုကိုကြီး၏ မှတ်တမ်းအရ မရွှေဥ၏အိမ်တော် နတ်နန်းနေရာကို တိကျစွာ ရှာဖွေနိုင်ခဲ့သည်။ တိမ်မြုတ်နေသော နတ်နန်းနေရာတွင်ရောက်ရှိနေသော အိမ်နေရာများကိုလည်း ၁၉၈၂ခုနှစ်မှစ၍ မြေနေရာ အစားထိုးပေးခြင်း၊မြေနေရာ တိုးချဲ့ဝယ်ယူခြင်း၊ နတ်နန်းအသစ်ဆောက်လုပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သစ္စာရှင်တောင်တော်သခင်မ မရွှေဥ၏ မူလအိမ်နေရာ၊ ထိုအိမ်ဝင်းအတွင်းမှ ယက်ကန်းစင်တို့နှင့်အတူ သခင်မနတ်နန်းတို့ အိမ်ကျယ်ရွာတွင်တွေ့မြင်နိုင်ပါပြီ။ဒေါ်သီသနပ်ခါးမိသားစုက ဖော်ထုတ် ထိန်းသိမ်း တည်ထားသော မရွှေဥ အိမ်တော်နတ်နန်းနှင့် နတ်နန်းနှင့်ပတ်သက်သမျှ ကိစ္စအဝဝကို ဒေါ်သီသနပ်ခါးမိသားစု၏ သားစဉ်မြေးဆက်များက နန်းထိန်းနန်းပိုင်အဖြစ် ဆက်လက်တာဝန်ယူ စောင့်ရှောက်လျှက်ရှိပါသည်။

တကယ်တော့ မြန်မာကျေးလက်သူ မိန်းမပျို၏ဘလှပတင့်တယ်ခြင်း၊မေတ္တာမသက်ဝင်ဘဲ အင်အားဖြင့် မေတ္တာရယူခြင်းအပေါ် ခါးသီးစွာ ဆန့်ကျင်ခြင်း၊ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်၏ ခင်ပွန်းအပေါ် အသတ်အသေခံ သစ္စာစောင့်သိခြင်းနှင့်အတူ ပုဂံခေတ်ကတည်းက ထွန်းကားခဲ့သော ယက်ကန်းလက်မှုပညာကို ဂုဏ်ယူစွာ မှတ်တမ်းတင်ခြင်းတို့ဖြင့် အိမ်ကျယ်ရွာသူ မရွှေဥကို လာရောက်ဂါရဝပြုကြခြင်းလည်း မည်ပါ၏။ မရွှေဥ ကို ပူဇော်ကန်တော့ရင်း မရွှေဥကဲ့သို့ အဆင်းရော အချင်းပါပြည့်စုံသူတိုင်း သစ္စာစောင့်သိနိုင်ကြပါစေ။ လာမည့် တန်ခူးလဆန်းတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တောင်တော်သခင်မ ပန်းကောက်ပွဲသည် ချမ်းမြေ့မှု၊ ထုံသင်းမှုနှင့်သစ္စာတရားကို ရည်ညွှန်း ပိုင်ဆိုင်နိုင်ကြပါစေသား။

(စိန်ခြူးရယ်တဲ့ ထူးထူးခြယ်ခြယ် လရောင်အလယ်တွင်၊မြခြူးရယ်တဲ့ ထူးထူးခြယ်ခြယ် လရောင်အလယ်တွင်)
(ရွှေအင်ကြင်း သခင်မတို့ရွာ ရောက်ခဲ့ပါပေါ့တမင်၊ငွေအင်ကြင်း သခင်မတို့ရွာ ရောက်ခဲ့ပါပေါ့တမင်)၊ တစ်နေငယ်ဝင် တစ်ပင်မြိုင်ကြီး ဂနိုင်ဆီးလို့ပင် (သြော်ရွှချည်တန်းလို့ ငွေချည်တန်းလို့ ရက်ကန်းခတ်သံပင်)၂၊ပန်းပုဆိုးနီဝါလွင် ဝမ်းနည်းလို့ မကြည့်ချင်၊ အစဉ်အပေါ်မြင့်မြင့်သို့ပင် မျှော်လင့်ချက်သာပင်၊ကျေးဇူးရှင်(ရယ်)…ရွှေလိုရှု..နေညိုနု မပျိုဥရဲ့ တောင်တော်အဝင်။
(ကြို့ညိုစံရာ သုဂြိပ်မင်းတို့ အသင်းဖွဲ့တဲ့နေရာအသွင်၊ဟေမာတွင် သလာတစ်ခွင် ဟေမာတွင်)၂ နန်းတော်ရှေ့က စာတင် ဗြိဇင်ပန်းကို လက်လှမ်း ရပ်ကာပင်၊ အထက်နန်း ဇရပ်ကိုဝင်၊ ရက်ကန်းခတ်သံ ကြားရပြန်သတဲ့ နားဝမှာပင်၊ (အပေါ်မြင့်မြင့်သို့မျှော်လင့်လျက်သာပင်)၂၊
ကျေးဇူးရှင်(ရယ်)… ရွှေလိုဥ နေညိုနု.. မပျိုဥရဲ့ တောင်တော်အဝင်။
(တောင်တော်သခင်မ – နန်းတော်ရှေ့ဆရာတင်)

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW