ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ဖွင့်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်ကားတစီး မီးရှို့ခံရ

ဧပြီ ၇ – ၂၀၂၃
GG(VOM)

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ဖွင့်ခဲ့တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ဒီနေ့ ဧပြီလ ၇ ရက်နေ့ နေ့လယ်ပိုင်းက ကုန်တင်ကားတစီးမီးရှို့ဖျက်ဆီးခံရမှုဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

” ဟိုဘက်ရက်ကဖွင့်လို့ ကားတွေပြန်သွားကြတယ်။မကြာဘူး တိုက်ပွဲတွေပြန်ဖြစ်တယ်။ဒီနေ့လည်း ကားတစီးမီးရှို့ခံရတယ်။pdf တွေဘက်ကလည်း လမ်းအသုံးမပြုဖို့ ကြေညာချက်ထုတ်တယ်ဆိုတော့ သင်္ကြန်ရက် နားဖြစ်မှာပါ၊အခါကျော်တောင် အခြေအနေဆက်ကြည့်ရအုံးမှာပါ “လို့ ပို့ကုန်လုပ်ငန်းရှင် တဦးကပြောပါတယ်။

ကော့ကရိတ်မြို့ခံတဦးကလည်း ” ဒီနေ့မွန်းလွဲ၂ နာရီအချိန်မှာ ကုန်ကားကို မီးရှို့သွားတာပါ၊ ပြီး​တော့တိုက်ပွဲဖြစ်တယ် ၃း၀၀နာရီ​လောက်မှာပါ တိုက်ပွဲက တစ်နာရီခန့်ကြာတယ်​ ၊ ကုန်ကားက ပေပါခွံအလွတ်​တွေပါ၊ တိုက်ပွဲပြီး လမ်း​ကြောင်းရှင်းတော့ ကား​တွေသွားကြတယ် ၊PDF အဖွဲ့တွေကတော့ အာရှလမ်းကိုမဖြတ်ဖို့ သတိပေးထားပေမယ့် သွားရဲတဲ့သူက သွားနေကြတာပဲ​၊မသွားလည်း မရတော့ သွား​နေကြရတာပေါ့”လို့ ပြောပါတယ်။

ကုန်ကားမီးရှို့ခံရတာနဲ့ တိုက်ပွဲတွေဖြစ်ချိန်မှာတော့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ သွားလာနေတဲ့ ကားတွေ ပိတ်မိခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ လမ်းပေါ်ကို ရောက်ပြီးသားကားတွေကတော့ သွားလာနေကြတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာအချို့မှာတော့ ကော့ကရိတ် နဲ့ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ မတ်လ ၂၅ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေရာ စစ်တပ်ဘက်က အာရှလမ်းကိုအသုံးပြုပြီး အများပြည်သူပိုင်ကားကိုသုံးပြီး လက်နက်ခဲယမ်း၊စားနပ်ရိက္ခာနဲ့ လူအင်အားတွေ ပို့ဆောင်နေတာကြောင့် ဧပြီလ ၇ ရက်နေ့ကစပြီး ဧပြီလ ၂၁ ရက်အထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီ သတိပေးချက်ကို ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion ၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂစစ်ကြောင်း ၊ ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းဒေသစစ်ဒေသခွဲ အမှတ်(၃)အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC) တွေက ပူးပေါင်းထုတ်ပြန်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ အရင်ကလည်း ကုန်တင်တွဲကားတွေ မီးရှို့ဖျက်ဆီးခံရတာ၊ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ထားတာတွေ မကြာခဏဆိုသလိုဖြစ်ပွားခဲ့တာကြောင့် ကုန်သည်တွေဘက်မှာ ဆုံးရှုံးမှုတွေရှိခဲ့သလို နယ်စပ်ကုန်သွယ်ရေးကိုလည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

လမ်းခရီးပိုင်း လုံခြုံစိတ်ချရမှုမရှိပါက ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်သွားနိုင်တဲ့အထိ​ဖြစ်နိုင်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

#voiceofmyanmar #VOM #မြဝတီ #ကော်ကရိတ် #အာရှလမ်း #တိုက်ပွဲဖြစ်ပွါးမှု

Related posts

Leave a Comment

VOM News

FREE
VIEW