မရမ်းကုန်းမှာ အသက် ၇၀ အရွယ်အဘိုးအိုတဦး နေအပူရှိန်ကြောင့် လဲကျသေဆုံး

ဧပြီ ၁၉-၂၀၂၃
KK(VOM)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးမှာ ဒီနေ့ မနက် ၁၁ နာရီခွဲက အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးမှာ အသက် ၇၀ အရွယ်အဘိုးအိုတစ်ဦး လဲကျသေဆုံးသွားလို့ ဖုန်းသတင်းအရ သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့မှတာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။

“ကျနော်တို့ဖုန်းသတင်းအရ သွားတော့ ရောက်ရောက်ချင်း လဲနေတာတွေ့တယ်၊ အသက်က ၇၀ လောက်ရှိပြီ၊ လူနာကိုစစ်ဆေးကြည့်တော့ အသက်မရှိဘူးဆုံးနေပြီ၊ နေပူအရှိန်ကြောင့်လည်း ပါမှာပေါ့ “လို့ ပြောပါတယ်။

သေဆုံးသူအသက် ၇၀ အရွယ်အဘိုးအိုဟာ အဲ့ဒီရပ်ကွက်အနီးမှာ နေထိုင်ပြီး ဘေးပတ်ဝန်းကျင်က မိသားစုနဲ့ဆက်သွယ်မှုရရှိခဲ့တယ်လို့လည်း သူကရှင်းပြပါတယ်။

“ဘေးကလူတွေက သေတဲ့သူက အဲ့ဒီနားရပ်ကွက်ကလို့ပြောတယ်၊ အခုတော့ မိသားစုတွေနဲ့အဆက်အသွယ်ရသွားပါပြီ”လို့ ပြောပါတယ်။

သေဆုံးသူအဘိုးအိုကို အဖြူရောင်အသင်း နာရေးယာဉ်နဲ့ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် နေ့လယ်၁ နာရီခွဲကလည်း ဗဟန်းမြို့နယ်၊ဦးစံဖေရပ်ကွက်မှာ စက်ဘီးစီးပြီး ပြန်လာတဲ့ အမျိုးသားတဦး လဲကျသေဆုံးခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေမြင့်တက်လာနေပြီး အပူချိန် အမြင့်ဆုံးဒေသတွေကတော့ ချောက်မြို့ ၄၅° C၊ မန္တလေးမြို့ ၄၄° C၊ မြင်းခြံ ၄၄° C၊ ညောင်ဦး ၄၄° C၊ မုံရွာ ၄၄° C၊ ကလေး၀ ၄၄° C၊ ရွှေဘို ၄၃° C၊ စစ်ကိုင်း ၄၃° C၊ ကလေး ၄၃° C၊ ကျောက်ဆည် ၄၃° C၊ မကွေး ၄၃° C ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #နေအပူရှိန် #လဲကျသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW