တန့်ဆည်မြို့နယ်မှာ စစ်ကျန် ဗုံးသီးဟောင်းကို ဓားနဲ့ထုကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး ၊ လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

ဧပြီ ၊ ၂၃ ၊ ၂၀၂၃
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ခရမ်းခြံကျေးရွာ ၊ ပဲခင်းကြီးတောရကျောင်းအနီးမှာ မနေ့ ဧပြီ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ပဲခင်းကြီးတောရကျောင်းအနီး လယ်ကွင်းထဲမှာဖြစ်တာပါ ၊ စစ်ကျန် 40mm ဗုံးသီးဟောင်းကို လှည်းပန်းတောင်းပေါ်တင်ပြီး ဓားနဲ့ထုကြည့်ရာက ပေါက်ကွဲမှုဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် နေရာမှာတင် ပွဲချင်းပြီး သေတယ် ၊ သေတဲ့သူနဲ့ အဖော်လိုက်ပါလာတဲ့ အသက် ၆၀ အရွယ် အမျိုးသမီး တယောက်ကတော့ ဒဏ်ရာရခဲ့တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တန့်ဆည်မြို့နယ် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးတယ်လို့တော့ သိရတယ် ၊ တောသွားရင်း 40mm ဗုံးသီးဟောင်းကို တွေ့ရတော့ ဓားနဲ့ထုကြည့်ရာက ပေါက်ကွဲပြီး သေဆုံးတာ” လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တန့်ဆည်မြို့ခံ ပရဟိတသမားတယောက်က ” 40 mm ဗုံးသီးဟောင်းက ကြက်ဥ အရွယ်အစား သတ္ထုလုံးဆိုတော့ ဘာလည်လို့ စိတ်အထင်နဲ့ ထုကြည့်မိရာက ပေါက်ကွဲတာဖြစ်နိုင်တယ် ၊ တန့်ဆည်နယ်ထဲမှာ မိုင်းအန္တရာယ် အသိပညာပေးနဲ့ စစ်ကျန် ဗုံး လက်နက်နဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့လိုတယ် ၊ ဒေသခံတွေက စစ်လက်နက်နဲ့ ပတ်သက်ပြီး အတွေ့အကြုံနည်းပါးတာကြောင့် အခုလို သေဆုံး ၊ ဒဏ်ရာရသူတွေရှိတာ “လို့ ပြောပါတယ်။

ရေဦးခရိုင်ထဲက ဒီပဲယင်း ၊ တန့်ဆည် ၊ ရေဦး စတဲ့ မြို့နယ်တွေက ကျေးလက်တွေမှာ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း စစ်ကျန် မိုင်း ၊ ဗုံး စတဲ့ လက်နက်တွေ ပေါက်ကွဲမှုဖြစ်စဥ် ၄၀ ကျော်ရှိတဲ့အနက် ဒေသခံ ကလေး ၊ လူကြီး ၂၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ ပရဟိတသမားတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #တန့်ဆည် #စစ်ကျန်ဗံုးသဖသီး

Related posts

Leave a Comment

VOM News

FREE
VIEW