ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိဖို့ဆိုပြီး ဆိုလာ နဲ့ ဆက်စပ်ပစ္စည်း ၆ မျိုးကို အခွန်ကင်းလွတ်ခွင့်နဲ့တင်သွင်းခွင့်ပြု

ဧပြီ ၂၂ – ၂၀၂၃
GG (VOM)

ပြည်ပကနေတင်သွင်းနေရတဲ့အထဲက ဆိုလာ နဲ့ ဆက်စပ်ပစ္စည်း ၆ မျိုးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလိုက်ပါတယ်။

ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိဖို့အတွက် အဓိကရည်ရွယ်ပြီး အခွန်ကင်းလွတ်ခွင့်ပြုလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” ထုတ်ပြန်စာတွေ့ပါတယ်၊ အခွန်ကင်းလွတ်ခွင့်ပြုတယ်ဆိုတော့ ပြည်ပကနေ တိုက်ရိုက်တင်သွင်းနေတဲ့ကုမ္ပဏီတွေက စျေးချပေးရင် ကျနော်တို့လက်ခွဲတွေကလည်း စျေးလျှော့ချရောင်းလို့ရပါတယ်။ မတရားအမြတ်တင်ရောင်းလို့လည်း မရပါဘူး၊ရောင်းသူတွေကအများကြီးပါ။ကိုယ်ကစျေးများရင် ကိုယ့်ဆိုင်ပဲကျန်ခဲ့မှာပေါ့ “လို့ ဆိုလာပြားရောင်းချနေတဲ့ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းနိုင်တဲ့ပစ္စည်းတွေက နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ အချပ်တွေ၊ နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ၊ နေရောင်ခြည် စွမ်းအင်သုံး အင်ဗာတာ၊ အိမ်သုံး တပ်ဆင်မှုပုံစံတွေ၊ နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုစနစ်နဲ့ နေရောင်ခြည် စွမ်းအင်သုံးထိန်းချုပ်ကိရိယာနဲ့ ဘတ်ထရီပုံးတွေ ဖြစ်တယ်လို့ ဧပြီလ ၂၀ ရက်နေ့ကထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“လောလောဆယ်တော့ စျေးက ကျဖို့မရှိသေးပါဘူး။ကျတာလည်းမရှိပါဘူး။တကယ်လို့ကျမယ်ဆိုရင်အကုန်လုံးကျမှာပါ”လို့ ဆိုလာ၊ဘတ္ထရီတွေရောင်းချနေတဲ့ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နေပြည်တော်ကောင်စီနယ်မြေကလွဲရင် ကျန်တဲ့ရန်ကုန်အပါအဝင်နေရာတိုင်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်နေတာကြောင့် ငွေကြေးတတ်နိုင်သူတွေဟာ ဆိုလာပြား၊ဘတ္ထရီတွေဝယ်ယူတပ်ဆင်တာ၊မီးစက်ဝယ်ယူတပ်ဆင်တာတွေရှိနေပါတယ်။

လက်ရှိမှာတော့ ရေခဲသေတ္တာ၊Air Cooler ၊မီးပွင့်၊ဖုန်း၊လက်တော့ပ် ၊TV အသုံးပြုနိုင်မယ့် ဆိုလာပြား၊ဘတ္ထရီအိုး ၊အင်ဗာတာ အတွက် စျေးအမျိုးမျိုးပေးဝယ်နေရတာ ဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဆိုလာဆက်စပ်ပစ္စည်း #အခွန်ကင်းလွတ်ခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW