မုန်တိုင်းရွေ့နှုန်း ပိုမြန်လာတဲ့အတွက် ကုန်းတွင်းကို မုန်တိုင်းဖြတ်မယ့်အချိန် ပိုမိုစောလာနိုင်

မေ ၁၄ – ၂၀၂၃
SN (VOM)

ပင်လယ်ပြင်မှာ မုန်တိုင်းရွေ့နှုန်း ပိုမြန်လာတဲ့အတွက် ဒီနေ့ မေ ၁၄ ရက်မှာ မုန်တိုင်း ကုန်းတွင်းကိုဖြတ်မယ့်အချိန် ပိုမိုစောသွားနိုင်ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်လို့ မိုးလေဝသ လေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

နောက်ဆုံး ခန့်မှန်းချက်အရ မေလ ၁၄ ရက်၊ ဒီနေ့မနက် ၄ နာရီခန့်မှာ မုန်တိုင်းအရှေ့ပိုင်း စတင်ဖြတ်ကျော်မှာဖြစ်ကာ နေ့လယ် ၁၁ နာရီခန့်မှာတော့ မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်ပြီး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အခုနောက်ဆုံး (မေ ၁၃ ရက်၊ ည ၁၁ နာရီခွဲကျော်အချိန်) ထွက်လာတဲ့ JTWC warning 11 ခန့်မှန်းချက်အရဆိုပါက မုန်တိုင်း ဖြတ်သန်းဝင်ရောက်မယ့်နေရာဟာ စစ်တွေမြို့အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မကျည်းချောင်း ရွာပေါ်ကနေဖြစ်တယ်လို့ သိရပါတယ်။

“ကမ်းခြေကိုဖြတ်ချိန် တစ်နာရီ ၁၁၅ မိုင်နှုန်းခန့် ရှိနိုင်ပါတယ်။ စစ်တွေဝန်းကျင် မည်သည့်နေရာမှဖြတ်သည်ဖြစ်စေ မုန်တိုင်းဗဟိုစက်ဝန်း မိုင် ၁၆၀ ကြားရှိနေတဲ့ ဒေသတွေအားလုံး ပြင်းအားအတူတူ ခံရနိုင်ပါတယ်”လို့ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိ မုန်တိုင်းဟာ ဖျက်အားပြင်းအဆင့် CAT-5 ကို မရောက်ရှိသေးဘဲ ၃ မိနစ်ခန့် ကြာအောင်တိုက်နေတဲ့ လေတိုက်နှုန်း (3 minutes sustain wind speed) ၁၅၇ မိုင်နှုန်းနဲ့အထက် တိုက်မှသာ အဲ့ဒီအဆင့်ကို ရောက်ရှိနိုင်မယ်လို့ သူက ပြောပါတယ်။

“လေတိုက်နှုန်း ၁၅၇ မိုင်နှုန်းနဲ့ CAT-5 အဆင့်မရောက်နိုင်ဘူး။ တချို့‌ forecast model တွေက ရေပြင်အပူချိန်၊ လေတိုက်နှုန်းနဲ့ တိမ်ထုပါဝင်မှုကိုဘဲ ထည့်တွက်ပြီး မြေမျက်နှာသွင်ပြင် (terrain) ကို ထည့်မတွက်ဘဲ လေတိုက်နှုန်းတွေ CAT-5 အဆင့်အထိ ပြကုန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် CAT-4 ကနေပဲ ကျကျ၊ CAT-5 ပဲ ဖြစ်ဖြစ် မုန်တိုင်းတိုက်ရိုက်အဝင်ခံရမယ့်ဒေသက ပြည်သူတွေက အဲ့ဒါကို စိတ်မဝင်စားဘူး။ “မုန်တိုင်းဒီလှိုင်း” Storm Surge ဘယ်လောက်အမြင့်နဲ့ ဝင်လာရင် အသက်ဘေးကလွတ်နိုင်မလဲ၊ သူတို့ရဲ့အိုးအိမ်စည်းစိမ်တွေ အပျက်အစီးသက်သာနိုင်မလဲ၊ ဒါပဲ စိတ်ဝင်စားတယ်။ အဲ့ဒီတော့ ဒေသခံတွေ တကယ်လိုအပ်တဲ့သတင်းကို ပေးနိုင်ဖို့ပဲ အာရုံစိုက်ကြပါ” လို့ သူက ပြောပါတယ်။

မုန်တိုင်းဟာ ကုန်းတွင်းနဲ့ နီးလာပြီး ဧရိယာကျဉ်းတဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို တဖြည်းဖြည်းချင်း တိုးဝင်လာပါက မုန်တိုင်းအပြင်အနားသတ်လေစီးကြောင်းတွေ၊ တိမ်တိုက်တွေဟာ မြစ်ဝကျွန်းပေါ်အပါအဝင် အနောက်ဘက်ကမ်းရိုးတန်းက ရခိုင်ရိုးမတောင်တန်းကြီးနဲ့ ထိတွေပြီးမုန်တိုင်းအား ‌လျော့ကျလာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ECMWF, GFS model တွေရဲ့ ရလဒ်တွေအရ ဒီနေ့မနက်ပိုင်းမှာ အချင်း မိုင် ၄၀၀ ကျော်တဲ့ မုန်တိုင်းအတွင်းစက်ဝန်းဟာ ကမ်းခြေကို တစ်ဝက်နီးပါးလောက် တိုးဝင်သွားပြီး မြေပြင်ပေါ်က တောင်တွေ၊ တောတွေနဲ့ထိတွေ့ကာ အင်အား ထပ်မံ လျော့ကျလာနိုင်တယ်လို့လည်း သိရပါတယ်။

မုန်တိုင်း ကုန်းတွင်းဝင်ရောက်ချိန် မေ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ် စတဲ့ ဒေသတွေဟာ မုန်တိုင်းအဖျားခတ်တဲ့အထဲ မပါပေမယ့် လေတိုက်နှုန်း မိုင် ၄၀ ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုန်တိုင်းရွေ့နူန်း #ကုန်းတွင်းပိုင်းဖြတ်ချိန်ပိုစောနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW