ညောင်လေးပင်မှာ လေပြင်းကြောင့် ဘုန်းကြီးကျောင်းအတွင်း ကုက္ကိုပင်လဲကျလို့(၁)ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ့

မေ ၊ ၂၃-၂၀၂၃
MM(VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊မြို့မ (၁)ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး ၊ကမ္မဌာန်းဘုန်းကြီးကျောင်းအတွင်းရှိကျောင်းဆောင်ပေါ်ကို မနေ့ မေလ ၂၃ ရက် ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ပြီး ကုက္ကိုပင်လဲကျခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

”မနေ့က ဖြစ်တာ ၊ ရုတ်တရက် မိုးတွေတအားရွာပြီး လေတွေတိုက်တာ၊ သစ်ပင်က အမြစ်ကနေ ကျွတ်ပြီး လဲကျသွားတာ ၊ ညောင်လေးပင်မြို့ရဲ့ အရှေ့ဘက် (၅) ဖာလုံ ခန့်အကွာက မြို့မ(၁)ရပ်ကွက်၊ ကမ္မဠန်းကျောင်း တိုက်အတွင်း ဆရာလေးတွေ သီတင်းသုံးတဲ့ ကျောင်းအပေါ် လဲကျတာ၊လဲကျတဲ့ သစ်ပင်က လုံးပတ် ၆ ပေ၊ အမြင့်ပေ ၆၀ ရှိတဲ့ ကိုက္ကိုပင်ပင်ပါ၊ ကျောင်းမှာ သတင်းသုံးတဲ့ ဆရာလေး ၁ ပါးအပါ သုံးယောက်ဒဏ်ရာရ သွားခဲ့တယ်၊ မိန်းကလေး ၁ ယောက်ကတော့ ဆုံးသွားတယ်၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ညောင်လေးပင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။”လို့ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သစ်ပင်လဲကျတာကြောင့် သေဆုံးသွားခဲ့ရတဲ့ မိန်းကလေးမှာ အသက်(၁၈)နှစ်အရွယ် မပန်းသဇင်ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ဆရာလေး ဒေါ်နန္ဒမာလာ၊ ကျောင်းတိုက်အတွင်း နေထိုင်တဲ့ အောင်မင်းခန့်ဆိုသူနဲ့ တင်လင်းထိုက်တို့ဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်က မြန်မာနိုင်ငံ ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် နေအိမ်တွေအပါအဝင် အဆောက်အဦပျက်စီးတာတွေရှိခဲ့ပေမယ့် လူသေဆုံးတဲ့အထိ မရှိခဲ့ဘူးလို့သိရပါတယ်။

Photo Credit – MFSD
#VOM #voiceofmyanmar #ညောင်လေးပင် #အပင်လဲကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW