စစ်ဗိုလ်ချုပ်နှစ်ယောက်ရဲ့ အာဏာရမ္မက်နဲ့ ဆူဒန်နိုင်ငံချောက်ထဲကျရန် လက်တလုံးအလို

မျိုးဆက်(VOM)
၂၇-၅-၂၀၂၃

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်နဲ့ အခြားမြို့ကြီးတွေမှာ ပစ်ခတ်တိုက်ခိုက်သံ၊ ဒုံးကျည်နဲ့ လက်နက်ကြီးပေါက်ကွဲသံတွေနဲ့အတူ ကောင်းကင်ယံက မီးခိုးတလူလူတွေက ဆူဒန်ပြည်သူတွေရဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ မသေချာမရေရာတဲ့ အနာဂါတ်ကို တစိတ်တပိုင်း လှစ်ဟပြသနေပါတယ်။

ပဋိပက္ခတွေအတွင်း လုယက်မှု၊ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုတွေနဲ့ ကြုံတွေနေရသလို ဆူဒန်ပြည်သူတွေရဲ့ ယခင်ကနေ့စဉ်လူနေမှုဘ၀မှာ အလွန်ဆိုးရွားတဲ့ အလှည့်အပြောင်းတခုက မေ ၁၅ ရက်စပြီး ရုတ်တရက်ဆိုသလို ကြုံတွေခဲ့ရပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို အစပြုခဲ့သူတွေကတော့ စစ်ဗိုလ်ချုပ်နှစ်ဦးဖြစ်တဲ့ ဆူဒန်စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်နဲ့ အာအက်စ်အက်ဖ် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဟမ်မက်ဒီတို့ဖြစ်ပြီး နှစ်ဦးအကြား အာဏာလွန်ဆွဲမှုက ဆူဒန်ပြည်သူတွေရဲ့ အနာဂါတ်အတွက် ကံဆိုးမှောင်ကျမှုလည်းဖြစ်ပါတယ်။

အာဏာသိမ်းခံထားရဲ့ဆူဒန်မှာ အာဏာရှင်ခေါင်းဆောင် ဘာရှာကို ၂၀၁၉ ခုနှစ်မှာ ဖြုတ်ချရေးမှာ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် အာဏာပိုမိုချုပ်ကိုင်ရေး ရမ္မက်ဆန္ဒက သူတို့နှစ်ဦးရဲ့ အကွဲအပြဲဇာတ်လမ်း အစပြုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးချိန်ထိ နှစ်ဦးအကြား သဘောထားကွဲလွဲတဲ့ အရိပ်အယောင် စိုးစဉ်းမျှမတွေ့ရ။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်က နိုင်ငံအကြီးအကဲအဖြစ် တာ၀န်ယူပြီး ပြည်သူ့စစ်ခေါင်းဆောင် လက်ထောက်အဖြစ် တာ၀န်ယူခဲ့ချိန် နှစ်နှစ်ကြာသည်ထိ အဆင်ချောခဲ့ပြီး အရပ်သားဦးဆောင်တဲ့ အစိုးရတရပ်ဖွဲ့စည်းရေးကို အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီလိုဖွဲ့စည်းရေးမှာ စစ်တပ်အကြီးအကဲ အယ်လ်ဘာဟန်က ယခင်အစိုးရအဖွဲ့လူဟောင်းတွေကို ရာထူးပြန်ပေးဖို့လုပ်ဆောင်တာတွေ၊ ပြည်သူ့စစ်အဖွဲ့ကို စစ်တပ်အောက်ထည့်သွင်းဖို့တွေအပါအ၀င် အာဏာချုပ်ပိုမိုချုပ်ကိုင်နိုင်ရေးအားထုတ်မှုတွေက အရပ်သားအစိုးရဖွဲ့စည်းရေး အချိန်နီးကပ်လာတာနဲ့အမျှ နှစ်ဘက်အကြား အာဏာလွန်ဆွဲမှုက ပိုမိုပြင်းထန်လာခဲ့ပါတယ်။

လက်ရှိချိန်ထိ တိုက်ပွဲတွေကြောင့် အရပ်သားရာပေါင်းများစွာ သေဆုံးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး အကြိမ်ကြိမ်သဘောတူခဲ့ပေမယ့် ကြိမ်ဖန်များစွာ ကျိုးပေါက်ကာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ် အတော်ကြီးမားကြောင်း ကုလသမဂ္ဂက သတိပေးပြောဆိုထားပါတယ်။

နိုင်ငံတွင်းမှာ ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံမှုတွေလည်း မြင့်တက်နေပါတယ်။ ဆေးရုံလိုမျိုး ကျန်းမာရေးအဆောက်အအုံတွေကို ပစ်ခတ်တိုက်မှုတွေနဲ့ ထိန်းချုပ်မှုတွေကို နှစ်ဘက်စလုံးက လုပ်ဆောင်နေတာကြောင့် ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါတွေဟာ စစ်ရာဇ၀တ်မှုတွေဖြစ်လာနိုင်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

လုယက်မှု၊ အကြမ်းဖက်မှု၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုကြုံနေရတဲ့ စစ်ပွဲဇုန်ကပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်ကတော့ ဘယ်ဘက်မှ အာမခံချက်မရှိလှ။ ဒီပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် အမေရိကန်နဲ့ဆော်ဒီအာရေဗျတို့ ဦးဆောင်ပြီး ဂျဒ်ဒါမြို့မှာ နှစ်ဘက်ညှိနှိုင်ဆွေးနွေးခဲ့ပေမယ့် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အချို့သာ ရရှိခဲ့ပါတယ်။

နှစ်ဘက်ဆွေးနွေးမှုတွေအတွင်း ဒီလိုအခြေအနေသာ သဘောတူညီချက်ရရှိတာဟာ ရေတိုအရေးပေါ်အဆင့် ဖြေရှင်းမှုသာဖြစ်ပြီး ပဋိပက္ခအဆုံးသတ်ရေး အလှမ်းဝေးနေဦးမယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

ဒီပဋိပက္ခမှာ ဖြစ်နိုင်ခြေသုံးရပ်ရှိနေပြီး နံပါတ်(၁) တဘက်ဘက်က စစ်ပွဲအသာစီးရယူပြီး အဆုံးသတ်ခြင်း၊ နံပါတ်(၂) ဘယ်ဘက်ကမှ အသာစီးမရယူနိုင်ဘဲ ကာလရှည်ကြာစစ်မက်ဖြစ်ပွားခြင်းနဲ့ ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုပြီး ပဋိပက္ခအဆုံးသတ်နိုင်ခြင်းတို့ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

လက်ရှိအခြေအနေအရ စစ်ရေးအသာစီး ဘယ်ဘက်ကမှ ရယူနိုင်ခြင်းမရှိသေးသလို ကာလတိုအပစ်အခတ်ရပ်စဲရေးပင် ကြိမ်ဖန်များစွာ ကျိုးပေါက်မအောင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ကာလရှည်ကြာစစ်မက်ဖြစ်ပွားနိုင်ခြေသာ ရှိနေတာကြောင့် ဆူဒန်နိုင်ငံရဲ့အနာဂတ်ကတော့ ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ရှိနေပါတော့တယ်။

Ref: Reuters/BBC
Photo:Getty Images
#VOM #voiceofmyanmar #ပြည်ပသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW