ဇွန် ၁၃၊ ၂၀၂၃
Shy V (VOM)
မြန်မာ – တရုတ်နယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့် သက်တမ်း ကုန်လွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က QR Code လုပ်ပေးပြီး ၂၀၂၃ နှစ်ကုန် အထိ ဆက်လက်နေထိုင် ခွင့်ပြုထားကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
“တရုတ်ဘက်က မြန်မာနိုင်ငံသားတွေကို chance ပေးထားတယ်။ အခု QR code ထုတ်ပေးထားတယ်။တရုတ်ဘက်ခြမ်း ရောက်နေတဲ့ မြန်မာနိုင်ငံသား တချို့က အထောက်အထား မပြည့်စုံလို့ ပြည့်ပြည့်စုံစုံ ပြန်လုပ်ချင်တာကြောင့် မြန်မာပြည်ကို ပြန်ကြတာတွေလည်း ရှိတယ်” လို့ ရွှေလီမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦး က ပြောပါတယ်။
တရုတ်ဘက်ခြမ်းမှာရှိတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောက်ကုန်သည်ကြီးတွေ၊ ကုန်ဂိတ်လုပ်တဲ့ လူတွေ အားလုံးက ပြန်ပြီး တရုတ်ဘက် ပြန်ဝင်ချိန်မှာ အခက်အခဲရှိတာကြောင့် မပြန်ချင်တဲ့ လူတွေရှိတယ်လို့ နယ်စပ်ဒေသခံ တဦးက ပြောပါတယ်။
“အားလုံး ဒီကနေ ပြန်ဆို ပြန်လိုက်ပြီးပြီ။ ဒီလို မြန်မာ ပြည်မှာရောက်ပြီးရင် စာအုပ်လုပ်ဖို့က အခက်အခဲ ဖြစ်သွားတယ်။ အဲကြောင့် မပြန်ချင်ကြဘူး။”လို့ သူက ရှင်းပြပါတယ်။
ရွှေလီကနေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိနေထိုင်ရာ နေရာနဲ့ အနီးဆုံးရှိ တရုတ်ရဲစခန်းတွေမှာ မိမိမှတ်ပုံတင် နဲ့ အိမ်ရှင် ထောက်ခံချက်ဖြင့် QR ကုဒ်ပြုလုပ်ပြီး နေထိုင်မယ်ဆိုရင် ၂၀၂၃ ခုနှစ် ၁၂ လပိုင်းအထိ နေထိုင်ခွင့်ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီလို ခွင့်ပြုထားပေမယ့်တရုတ်ဘက်က မကြာခဏ မူဝါဒ ပြောင်းလဲတတ်တာကြောင့် အချိန်မရွေး အပြောင်းအလဲ ရှိနိုင်တယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။
#VOM #voiceofmyanmar #ရွှေလီ