အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးတစ်ဦးနဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

ဇွန် ၁၅ – ၂၀၂၃

SN (VOM)

Hosheng Myanmar အထည်ချုပ်စက်ရုံကို လစာတိုးပေးဖို့ တောင်းဆိုခဲ့တာကြောင့် မနေ့ ဇွန် ၁၄ ရက်နေ့က အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးတစ်ဦးဖြစ်သူ မသူသူစံ ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီ့နေ့တစ်ရက်တည်းမှာပဲ Sun Apparel Myanmar အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားခေါင်းဆောင် မသီတာဝင်းလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Hosheng Myanmar အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမား (၇) ဦး အလုပ်ထုတ်ခံရပြီး အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ မနေ့ ဇွန် ၁၄ ရက်က ရွှေပြည်သာမြို့နယ်၊ ထွေ/အုပ်ရုံးမှာ သွားရောက်ညှိနှိုင်းပြီးအပြန် မသူသူစံကို အရပ်ဝတ်နဲ့ရဲတွေ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရသူတွေက မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်၊ ကိုရဲနိုင်၊ ကိုရဲသွေးလှိုင်နဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် မသူသူစံတို့ဖြစ်ပြီး မသူသူစံကတော့ အဖမ်းခံခဲ့ရကာ စစ်ကြောရေးမှာ စစ်ဆေးခံနေရတာလို့ သိရပါတယ်။

“အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်ကနေ ၅၆၀၀ ကျပ် တိုးပေးဖို့ တောင်းဆိုမှုကို စက်ရုံဆူပူအောင် ရည်ရွည်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇွန်လ ၁၀ ရက်နေ့မှာ သူတို့ (၇) ဦးစလုံး အလုပ်ထုတ်ခံခဲ့ရတာပါ။ မနေ့က ရွှေပြည်သာမြို့နယ်၊ ထွေ/အုပ်ရုံးမှာ အဲ့ဒီ့ကိစ္စကို သွားရောက်ညှိနှိုင်းကြတယ်။ ညှိနှိုင်းပြီးအပြန်မှာ မသူသူစံကို မေးစရာရှိလို့ဆိုပြီး အရပ်ဝတ်နဲ့ရဲတွေ ခေါ်သွားကြတာ။ မသူသူစံက သူတစ်ယောက်တည်း မလိုက်ချင်ဘူးဆိုလို့ မမေသူမင်းကိုပါခေါ်တယ်။ ဒါပေမယ့် မမေသူမင်းကို ရွှေပြည်သာ ထွေ/အုပ်ရုံးအနီးက ရဲစခန်းတစ်ခုမှာ ထားခဲ့ပြီး မသူသူစံကိုတော့ စစ်ကြောရေးကိုခေါ်သွားတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကတည်းက မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး သူမရဲ့ဖုန်းလည်း အသိမ်းခံထားရကာ အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် မသူသူစံအပါအဝင် အလုပ်သမား (၇) ဦးကို ဇွန် ၁၀ ရက်နေ့က အလုပ်ထုတ်လိုက်တာဖြစ်ပြီး Hosheng စက်ရုံရဲ့ ထုတ်ပြန်စာမှာတော့ အဲ့ဒီ့အလုပ်သမားတွေဟာ စက်ရုံတွင်း တည်ငြိမ်နေတဲ့အနေအထားကို ဆူပူမှုဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး သွေးထိုးလှုံ့ဆော်ခြင်း၊ စက်ရုံမှူးကို ခြိမ်းခြောက်ပြောဆိုခြင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းစေဖို့ တမင်လုပ်ဆောင်ခြင်းတို့ကြောင့် အလုပ်မှထုတ်ပယ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလုပ်သမား (၇) ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်လို့ ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ စက်မှုဇုန် (၅)၊ မလိခလမ်းမှာတည်ရှိတဲ့ ထိုင်းနိုင်ငံသားပိုင် Sun Apparel Myanmar အထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားခေါင်းဆောင် မသီတာဝင်းကိုလည်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ဦးဆောင်တောင်းဆိုခဲ့မှုနဲ့ပတ်သက်လို့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ စက်ရုံအလုပ်သမား ၄၀၀ တို့ဟာ Day ကြေး၊ ရက်မှန်ကြေး ၆ဝဝဝ ကျပ် တိုးပေးဖို့၊ သောက်သုံးရေ အဆင်ပြေအောင် စက်ရုံက စီစဉ်ပေးဖို့၊ အလုပ်သမားလျှောက်လမ်း အမိုးလုံအောင်ပြုပြင်ပေးဖို့၊ ထမင်းစားဆောင် သီးသန့် ထားပေးဖို့၊ ပိတ်ရက်ခ ပြန်ပေးဖို့၊ (၁၅) ရက်အတွင်း အလုပ်ပျက်ပါက ကျပ် ၂၀၀၀၀ ပဲ ဖြတ်ဖို့ ဆိုတဲ့ အချက် ၆ ချက်ကို လုပ်ငန်းခွင်အတွင်းမှာ ထိုင်သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့လို တောင်းဆိုတာကို ဇွန် ၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အလုပ်သမားရေးရာ ဆက်ဆံရေ ဦးစီးဌာနမှာ အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ စက်ရုံမန်နေဂျာဖြစ်သူတို့ ညှိနှိုင်းခဲ့ရာမှာ ပြေလည်မှုမရရှိဘဲ ဒီကနေ့ ဇွန် ၁၅ ရက်မှာ ဆက်လက်ညှိနှိုင်းဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။

“သူတို့ပြောတာတော့ ဒီနေ့ ထပ်ညှိနှိုင်းကြမယ်ပေါ့။ ဒါပေမယ့် မနေ့ည ၁၁ နာရီလောက်မှာ မသီတာဝင်းကို စစ်ကြောမေးမြန်းဖို့အတွက်ဆိုပြီး အမှတ် (၁) တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအကူတပ်ဖွဲ့ဆီ ခေါ်သွားတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အခြေခံလစာနှုန်းထား တိုးတောင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ကတော့ အခြေခံလစာ ၅၆၀၀ အတွက် ဆန္ဒပြနေတာ မဖြစ်သင့်ဘဲ အနိမ့်ဆုံး လုပ်ခလစာကို ၁၀၀၀၀ ကျပ် ဖြစ်သင့်ကြောင်း Mayday Statement မှာ တရားဝင်ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။

“၅၆၀၀ အတွက် ဆန္ဒပြနေတာ STUM ဦးဆောင်တာလားလို့ ခဏခဏ ဖုန်းတွေဆက်ကြလို့ဖြေပေးပါမယ်။ STUM က အနိမ့်ဆုံး လုပ်ခလစာကို ၁၀၀၀၀ ကျပ် ဖြစ်သင့်တယ်လို့ Mayday Statement မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ အလုပ်သမားတွေအတွက် မသင့်လျော်တဲ့ ငွေကြေးဖြစ်တာမို့ တောင်းဆိုဖို့ ဘယ်တုန်းကမှ မတိုက်တွန်းပါဘူး။ တောင်းမယ်ဆို ၁၀၀၀၀ ပဲ တောင်းခိုင်းမှာပါ” လို့ STUM ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကတော့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေမှာ တိုက်ရိုက် ကြားဝင်တာမျိုးမရှိပေမယ့် ပြဿနာတွေကို သက်ဆိုင်သူ အားလုံး စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလထဲမှာ သတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ (၂) နှစ်ကျော်ကာလအတွင်း အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူပေါင်း ၃၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ထောင်ဒဏ်ချမှတ်ခြင်း ခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဖွဲ့အစည်း ဦးဆောင်သူအများအပြား ပုန်းရှောင်နေကြရပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တချို့ အသက်ဆုံးရှုံးခဲ့ရကာ နောက်ဆက်တွဲအနေနဲ့ အလုပ်သမားပြည်သူများစွာ ဒုက္ခရောက်လျက်ရှိသလို ကဏ္ဍပေါင်းစုံမှ အလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရမှုတွေ တိုးမြှင့်လျက်ရှိနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #အလုပ်သမားရေးရာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW