ဇွန် ၁၇ – ၂၀၂၃
SN (VOM)
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ CB ဘဏ်ခွဲဟာ မနေ့ ဇွန် ၁၆ ရက်၊ ည ၉ နာရီ ၅၉ မိနစ်အချိန်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အချိန် ၁ နာရီခွဲကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
“CB ဘဏ်လောင်တယ်၊ ဘေးနားက ကြက်အစာ ရောင်းတဲ့ဆိုင်လည်းလောင်တယ်။ အဲ့ဒီနားက ဆိုင်ခန်းတွေလည်း မီးကူးနေပြီ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ မီးခိုးတွေမွှန်နေကြပြီ။ မီးတောက်က တော်တော်ကြီးတယ်။ မီးအပူဟပ်ခံရတာရယ်၊ အောက်ဆီဂျင်ပြတ်တာရယ်ကြောင့် လူ ၆ ယောက်လောက် ဆေးရုံပို့လိုက်ရတာရှိတယ်”လို့ အဲ့ဒီ့ မီးလောင်မှုဖြစ်စဥ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီမီးလောင်မှုကို ည ၁၁ နာရီခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ အင်းစိန်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
“ဘယ်ကနေ စလောင်တယ်၊ တန်ဖိုး ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာကို စိစစ်နေဆဲပါ။ CB ဘဏ် အဆောက်အဦတစ်ခုလုံးတော့ ကုန်မသွားဘူး။ အထဲမှာ လှိုက်လောင်နေတာပါ”လို့ အင်းစိန် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီ့ မီးလောင်မှုကို မီးသတ်ဦးစီးဌာနက Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ အချိန်မှသာ မီးထိန်းခဲ့ပြီး ည ၁၁ နာရီ ၃၃ မိနစ်မှသာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။
#VOM #voiceofmyanmar #ရန်ကုန် #CBဘဏ်ခွဲမီးလောင်မှု