ပြုံးယမ်း ၊ ဇွန်-၁၇-၂၀၂၃
မျိုးဆက်(VOM)
မြောက်ကိုရီးယားရဲ့ သံတမန်ရေးနဲ့ ကာကွယ်ရေးမဟာဗျူဟာ ချမှတ်ဖို့အတွက် အာဏာရပါတီရဲ့ အစည်းအဝေးကို စတင်ကျင်းပနေပြီး ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းဝေးကို ဇွန် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ပထမနှစ်၀က်အတွင်း နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့ စီစဉ်ထားကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ဝေဖန်ထားပြီး ဒါတွေဟာ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကို မြင့်တက်စေတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်နေတာကို သတိပေးတဲ့အနေနဲ့ မြောက်ကိုရီးယားဟာ ဇွန် ၁၅ ရက် မနက်ပိုင်းမှာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်ခတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လကလည်း နိုင်ငံရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုပစ်လွှတ်တဲ့အပေါ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုတ်ချထားပါတယ်။
Ref: Reuters
#VOM #voiceofmyanmar #ပြုံးယမ်း