မြန်အောင်မှာ သက်တမ်းရင့်ဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

ဇွန်၊၁၈-၂၀၂၃
MM +GG(VOM)

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ရှားဖြူကုန်းကျေးရွာက သက်တမ်းရင့် ဘုန်းတော်ကြီးကျောင်း တစ်ခု ဒီနေ့ ဇွန် ၁၈ ရက် မနက် ၁၀ နာရီကျော်ကမီးလောင်မှုဖြစ်ပွားပြီး ကျောင်းဆောင်တစ်ခုလုံး ပြာကျခဲ့တယ်လို့ သိရပါတယ်။

”ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ၊ မီးလောင်မှုအကြောင်းရင်းက ကျောင်းကပ္ပိယဖြစ်တဲ့ ဦးလှိုင်ဝင်းက ကျောင်းအပေါ်ထပ် ဘုရားခန်းရှေ့ စာအုပ်စင်အနီးထွန်းထားတဲ့ ခြင်ဆေးခွေကနေ စာရွက်စာတမ်းတွေပေါ်ကို ခြင်ဆေးခွေပြုတ်ကျပြီး မီးလောင်မှုစတင်ဖြစ်ပွားတာ၊ ကျောင်းဆောင်ကတော့ လုံးဝမီးလောင်ဆုံးရှုံးသွားတယ်၊ မီးလောင်တဲ့အထဲပါသွားတဲ့ ကျောင်းဆောင်က ၆၄ x ၄၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ်ကျောင်း ဆောင်ပါ၊ လူတွေ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူး၊ အဲ့ဒီကျောင်းဆောင်က နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး ၊ ကျောင်းထိုင်ဆရာတော်မြို့တက်နေတုန်းဖြစ်တာတဲ့။”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြန်အောင်မြို့နယ် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကလည်း” ၁၀ နာရီကျော်လောက်မှာမီးငြိမ်းတယ်၊အချိန် ၁ နာရီနီးပါးလောက် မီးငြိမ်းလိုက်ရတယ်။မနက်အစောပိုင်း ကျောင်းက ကပ္ပိယကြီးက ခြင်ဆေးခွေထွန်းထားရာကနေ ဘုရားခန်းကနေစလောင်တာလို့သိရတယ်။ကျောင်းအကုန်လုံးကို မီးထဲပါသွားတယ်။ဘာမှကို ရစရာမရှိတော့ဘူး၊ လောကမာရဇိန် နှစ်ထပ်ကျောင်း‌ဆောင်ကြီး အကုန်ပျက်စီးတာပါ။ “လို့ ပြောပြပါတယ်။

အဲ့ဒီ မီးလောင်မှုကို အင်ပင်နယ် မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီး၊ မြန်အောင်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကြာနီကန်အရန်မီးသတ်စခန်းက ရေသယ်ယာဉ် ၁စီး၊ အင်္ဂပူမြို့ ထူးကြီးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီး စုစုပေါင်း ယာဉ် ၄ စီးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးက ဦးဆောင်ပြီး မီးသတ် တပ်ဖွဲ့ဝင်တွေ ၊ ဒေသခံတွေ၊ ပရဟိတအဖွဲ့တွေက ပူးပေါင်းငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မီးအားပေါ့ဆ စွာသုံးစွဲတဲ့ ကပ္ပိယကြီး ဦးလှိုင်ဝင်း ၇၂နှစ်ကိုအင်ပင် နယ်မြေရဲစခန်းက (ပ)၃၂/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

အခု ဇွန်လ ၄ ရက်ကလည်း ဧရာဝတီတိုင်း၊ ကြံခင်း မြို့နယ်၊ ရွာသစ်ရပ်ကွက်ဗိုလ်ချုပ်လမ်းမှာ မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်က ရေတံခွန်သီလရှင်ကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်ကလည်း မီးလောင်မှုဖြစ်ပြီး ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ငါးသိုင်းချောင်း မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် သြဂုတ်လ ၆ ရက်ကလည်း မြန်အောင်မြို့နယ် ရေတွင်းကုန်းကျေးရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရေမော်တာစက် အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားပြီး ကိုရင် ၂ပါးနဲ့ ကျောင်းသား ၂ ဦးသေဆုံးတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြန်အောင် #သက်တမ်းရင့်ဘုန်းကြီးကျောင်းမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW