ဂက်စ်၊ ဆီ တက္ကစီယာဥ်အားလုံး အငှားခကို ကီလိုမီတာနဲ့ ပေးတဲ့စနစ် ပြောင်းလဲသတ်မှတ်

ဇွန် ၂၄ – ၂၀၂၃
GG (VOM)

Taxi အငှားယာဥ် စီးနင်းခနူန်းထားတွေကို စီနင်းတဲ့အကွာအဝေးအလိုက် ကီလိုမီတာ နဲ့ ကောက်ခံဖို့ သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။

တက္ကစီ စတင်စီးနင်းတာနဲ့ ၁၅၀၀ ကျပ် ပေးရမှာဖြစ်ပြီး ခရီးစဥ် အနီးအဝေး၊သွားလာမှုပေါ်မူတည်ကာ တစ်ကီလိုမီတာကို ၆၀၀ ကျပ်နူန်းနဲ့ ယာဥ်စီးခကို ပေးချေရမယ့်စနစ်ဖြစ်တယ်လို့ သိရပါတယ်။

ကီလိုမီတာ နဲ့ယာဥ်စီးခကောက်ခံတဲ့စနစ်ကို ဆီ ကား ၊ ဂက်စ်ကား အားလုံးကျင့်သုံးရမှာဖြစ်တဲ့အပြင် Grab အပါအဝင် APP အသုံးပြု ပြေးဆွဲနေတဲ့ taxi တွေပါ လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့သိရပါတယ်။

” ကားပေါ်စတက်တာနဲ့ ၁၅၀၀ ကျမယ်၊ပြီးရင် တစ်ကီလိုမီတာသွားတိုင်း ၆၀၀ ကျသင့်မှာဖြစ်တယ်။ အဓိက တက်စီသမားတွေ စျေးပိုတောင်းလို့မရတော့ဘူးပေါ့။အရင်ကဆို တက္ကစီသမားပါးစပ်ထဲ စျေးကကြိုက်သလိုဖြစ်နေတာလေ၊အခုတော့ စျေးတခုသတ်မှတ်လိုက်တဲ့သဘောပါ။ဒီစနစ်ကို အားလုံးကျင့်သုံးနိုင်အောင် ကျယ်ကျယ့်ပြန့်ပြန့်လုပ်မှာပါ ။ အခုမှ စတာဖြစ်လို့ ကီလိုနဲ့ယာဥ်စီးခတောင်းသူရှိသလို၊ စျေးအပြတ်တောင်းသူလည်းရှိနေအုံးမှာပါ၊အဲ့ဒီလိုတောင်းရင်တောင် ကိုယ်ကနူန်းထားသိနေရင် စျေးဆစ်လို့ရတာပေါ့။ကျနော်ကအရေးယူတယ်ဆိုတာထက် တက္ကစီသမားတွေကို စည်းရုံးရေးနဲ့သွားမှာပါ “လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးလျန်ကျင့်မန်ကပြောပါတယ်။

အခုလို တက္ကစီ ယာဥ်စီးခနူန်းကို ကီလိုမီတာ နဲ့ကောက်ခံဖို့ လုပ်ဆောင်မှုနဲ့ကောက်ခံမယ့်နူန်းထားဟာ ရန်ကုန် စီးတီးတက္ကစီသမားတွေရဲ့ တင်ပြချက်ဖြစ်ကြောင်း ၊ ခရီးသည်နဲ့ တက္ကစီသမားတွေ အတွက်အဆင်ပြေမယ့်အခြေအနေဖြစ်တာကြောင့် အခုလိုသတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ကီလိုနဲ့ ယာဥ်စီးခတောင်းတဲ့စနစ်ကိုKilo Taxi service၊ Shwe Padauk Taxi service အပါအဝင် စတဲ့ Taxi service လုပ်ငန်းအချို့က လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီးအငှားယာဥ်မောင်း တစ်ဦးက” အခုထိတော့ ယာဥ်စီးခက အရင်လိုပဲ တောင်းနေတာ၊ ခရီးသည်သွားမယ့်နေရာ မေးတယ် ကိုယ်လိုက်နိုင်မယ့်စျေးပြောတယ်၊ သူလည်းအဆင်ပြေရင်လိုက်တယ်၊ မပြေလို့ စျေးညှိတဲ့အခါလည်း ၂ဖက်လုံးပြရင် သွားတယ်။ အရမ်းစျေးဆစ်လွန်းရင်လည်း မလိုက်ဘူး။ “လို့ ပြောပါတယ်။

လက်ရှိ Taxiငှားခနူန်းထားတွေက ရန်ကုန်မြို့တွင်းခရီးစဥ်တစ်ကြောင်းကို အနည်းဆုံး ၁၅၀၀ ကျပ်ကနေ သောင်းဂဏန်းကျော်အထိ စျေးနူန်းအမျိုးမျိုးရှိပါတယ်။

ရန်ကုန်မှာ မှတ်ပုံတင်ထားတဲ့ city taxi အစီးရေပေါင်း ၆၅၀၀၀ ကျော်ရှိတယ်လို့ YRTCရဲ့ စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အငှားယာဥ် #ကိီလိုမီတာစနစ်ပြောင်းလဲ

Related posts

Leave a Comment

VOM News

FREE
VIEW