ဇွန် ၂၄ – ၂၀၂၃
SN (VOM)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် (၂) ၊ (၉၃) ရပ်ကွက် ဥက္ကဋ္ဌဟောင်း ဦးလှကြည်ဟာ မနေ့ ဇွန် ၂၃ ရက်၊ ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် (၇၇) နှစ်အရွယ်ရှိ ဦးလှကြည်ဟာ ယာဉ်အမှတ် YGN -11 4H-2351 Toyota Surf အဖြူရောင်ကားနဲ့ အပြင်ကနေ အိမ်ကိုပြန်လာချိန် ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျာဥ်မြို့တော် စီ-ဘလောက် (၁) လမ်း အရောက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“သူ့ကားနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်လိုက်လာပြီး သေနတ်နဲ့ပစ်သွားတာ။ ဖြစ်ခါစကတော့ လှုပ်နေသေးတယ်။ ချက်ချင်းတော့ မသေဘူး။ အပစ်ခံရတဲ့အချိန် သူ့ကားက လမ်းဘေးကို ထိုးဆင်းသွားပြီး အဲ့ဒီနားကဆိုင်တွေကို တိုက်မိပြီးမှ ရပ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ဦးလှကြည်ဟာ ယာရင်ဘတ် ထိမှန်ဒဏ်ရာ (၂) ချက်၊ ယာနံဘေး ထိမှန်ဒဏ်ရာ (၁) ချက်၊ ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ (၁) ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယာဉ်ရဲ့ယာဘက် ရှေ့လေကာမှန်ကွဲအက်ပျက်စီး၊ ဝဲဘက် ရှေ့လေကာမှန်မှာ ကျည်ဖောက်ဝင်ရာ (၃) ခု၊ ဝဲဘက်အလယ် လေကာမှန်မှာ ကျည်ဖောက်ဝင်ရာ (၃) ခု တွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားတဲ့နေရာမှ LUGER ကျည်ခွံ (၁၂) ခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ စစ်တပ်နဲ့ ရဲတွေရောက်လာပြီး ယုဇနဥယျာဥ်မြို့တော်ရဲ့ A,B,C ဘလောက်တွေမှာ ရှာဖွေတာတွေအပြင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်ရဲ့ လမ်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အဲ့ဒီပစ်ခတ်မှုအပြီး (၉၃)ရပ်ကွက်အတွင်း ဓားကိုင်ဆောင်ထားသူတွေ ထွက်လာပြီး အခင်းဖြစ်ပွားရာနေရာမှာ အုပ်စုလိုက် အော်ဟစ်ဆဲဆိုမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးလှကြည်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ NLD အစိုးရလက်ထက်တို့မှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ ဒဂုံဆိပ်ကမ်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင် (၂) အဖြစ် ပါဝင်လာသူဖြစ်သလို အဲ့ဒီမြို့နယ်ရဲ့ YMBA အသင်းဥက္ကဋ္ဌလည်း ဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ဒဂုံဆိပ်ကမ်း #YMBAဥက္ကဋ္ဌ #ပစ်သတ်ခံရ