ဇွန်၊၂၇-၂၀၂၃
MM(VOM)
အသေးစားငွေရေးကြေးရေး ချေးငွေလုပ်ငန်းအဖွဲ့ဖြစ်တဲ့ Pact Myanmar ချေးငွေလုပ်ငန်း အပြီးရပ်နားသွား ပြီဖြစ်တာကြောင့် အဲ့ဒီလုပ်ငန်းက ဝန်ထမ်းအင်အား အယောက် ၅၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်ပေါ်တော့မယ်အရေးနဲ့ကြုံနေရတယ်လို့ အဲ့ဒီလုပ်ငန်းကဝန်ထမ်းတွေဆီကနေ သိရပါတယ်။
”အဖွဲ့ဘက်ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ
အကြောင်းကြားလာတာပါ ၊ လုပ်ငန်းကို အပြီးပိတ်သိမ်း တော့မှာတဲ့၊ စာထွက်လာပြီ အခု ဇွန်လ ၃၀ ရက်ကနေ စတင်ပြီး အပြီးရပ်နားတော့မှာ ၊ စာထဲမှာတော့ အပြည့်အစုံပါတယ်၊ စိတ်ထဲ အဆင်မပြေတာတော့ ရှိတာပေါ့ ဘာတတ်နိုင်မလဲ ၊ ကျွန်မဆို အဲ့ဒီလုပ်ငန်းမှာ ၁၅ နှစ်ကျော်လက်တွဲလုပ်ခဲ့တာ၊ အတွေ့အကြုံတွေ အများကြီးရတယ်၊ ကျွန်မတို့လုပ်ငန်းမှာက ဝန်ထမ်းတစ်တိုင်း ကို အနည်းဆုံး အယောက် ၃၀၀ လောက်ရှိတာ၊တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အယောက် ၅၀၀၀ နီးပါးလောက်အထိရှိတယ်၊ ဒီလိုဆိုတော့ ဝန်ထမ်း အားလုံးတော့ အလုပ်လက်မဲ့ ဖြစ်ပြီပေါ့။”လို့ ဝန်ထမ်းတစ်ဦး ပြောပါတယ်။
ချေးငွေလုပ်ငန်း ရပ်နားတာနဲ့ ပတ်သက်လို့ တာဝန်ရှိ မန်နေဂျာတစ်ဦးက”Pact Myanmar က အမေရိကန်နိုင်ငံအခြေစိုက် အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းဖြစ်တယ်၊ အာရှ၊ အာဖရိက လက်တင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံ ၂၅ နိုင်ငံက ကျေးလက်ရှိ အခြေခံပြည်သူတွေကို ငွေချေးပေးထုတ်ပေးတဲ့လုပ်ငန်းတွေကို အဓိကထားဆောင်ရွက်နေတာပါ၊ ဝန်ထမ်းတွေကိုလည်း အကြောင်းကြားထားပါပြီ၊အခုတော့ အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်မှတ်ပုံတင်ရန် လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့လို့ ဘုတ်အဖွဲ့ကဆုံးဖြတ်ပြီး နားလိုက်တာ၊ ဒီချေးငွေလုပ်ငန်းမှာက ၅ယောက်တစ်ဖွဲ့ နဲ့ တစ်ရွာမှာတစ်ရုံးရှိတယ်၊ ရုံးတစ်ခုမှာ အနည်းဆုံးလူ အယောက် ၅၀ လောက်နဲ့ လည်ပတ်ခဲ့တာ ၊အဖွဲ့ဝင်တိုင်း ငွေစုရတဲ့ စနစ်ရှိတယ် ၊ အခုတော့ အဖွဲ့ဝင်တွေ ချေးငွေတွေကို စုငွေရှိရင် စုငွေနဲ့ နှိမ်သွားမှာပါ၊ စုငွေမရှိရင် ကျန်တဲ့ချေးငွေ လက်ကျန်တွေကို ပေးစရာမလိုအောင် လျှော်ပေးမှာပါ။“လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ချေးငွေချေးယူထားတဲ့ဒေသခံတစ်ဦးက ”ချေးငွေကတော့ ၅ လပိုင်းလောက်ကတည်းက ဆပ် စရာရှိတာတွေ လာမကောက်တော့တာ ၊ ၆ ပိုင်းကျတော့ ဝန်ထမ်းတွေ ဆင်းလာတယ်၊ စုငွေတွေလာထုတ်ဖို့ပြော တာပါ၊ ကျွန်မကတော့ စုငွေပြန်ထုတ်တာပါ ၊ ဆပ်ဖို့ငွေ မကျန်တော့ပါဘူး ၊ အခက်အခဲမရှိ ထုတ်လို့ရပါတယ် ၊
ဆပ်ဖို့ ကျန်တဲ့သူတွေကိုတော့ ဘာမှမပြောသေးဘူးတဲ့ ၊
အတိုးနှုန်း သက်သာတဲ့ အဖွဲ့အစည်းပါ ၊ အတိုးကျေ
အရင်းကျေ စနစ်ဖြစ်ပါတယ် ၊ အရင်းအနှီး လုပ်လို့ရတဲ့ အထိ ထုတ်ချေးပေးတာ၊ အခုလို အဖွဲ့အစည်းကမြန်မာ
နိုင်ငံကနေ ထွက်သွားတာ တကယ့်ကြီးမားတဲ့ ဆုံးရှုံးမှု
ကြီးပဲ။”လို့ ပြောပါတယ်။
အဲ့ဒီ Pact Myanmar အသေးစားချေးငွေလုပ်ငန်းဟာ မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က ရုံးခန်းတွေ စတင်ဖွင့်လှစ်ကာ ဆောင်ရွက်ခဲ့ပြီး လက်ရှိမှာ ၂၆ နှစ် အထိလုပ်ငန်းလုပ်ကိုင်လည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်ချေးငွေရယူထားတဲ့ အသင်းသားတစ်ဦးအနေနဲ့ အဲ့ဒီချေးငွေကို စုငွေလက်ကျန်က နှုတ်ယူသွားမည်ဖြစ်ကာ စုငွေလက်ကျန်မရှိတော့တဲ့သူတွေအနေနဲ့လည်း ချေးငွေ ပေးဆပ်ဖို့သာကျန်ရှိပါက ချေးငွေကို ကောက်ခံခြင်း မလုပ်တော့ဘဲ လျော်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
Photo – Pact Myanmar
#voiceofmyanmar #VOM #ချေးငွေလုပ်ငန်း #Pactmyanmarရုံးပိတ်သိမ်းမှု #၀န်ထမ်းအလုပ်လက်မဲ့