ဇူလိုင်၊၁၇-၂၀၂၃
MM(VOM)
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာခြံတစ်ခုထဲမှာ ထိုင်းလူမျိုး ၁ ဦးနဲ့ မြန်မာအလုပ်သမား ၃ ဦးတို့ မနေ့ ဇူလိုင် ၁၆ ရက်က သေနတ်နဲ့ ပစ်သတ်ခံရပြီး ရုပ်အလောင်းတွေကို မီးရှို့ခံထားရတယ်လို့
ထိုင်းနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရော်ဘာခြံပိုင်ရှင်ဆိုသူ ထိုင်းလူမျိုးနဲ့ ရော်ဘာခြံလုပ်သား မြန်မာအမျိုးသား ၃ဦးကို မနေ့ ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း၊ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ ဘန်တလတ် ကျေးရွာကရော်ဘာခြံထဲမှာ သေနတ်နဲ့ အပစ်ခံရပြီး မီးရှို့ဖျက်ဆီးခံထားရတဲ့အလောင်းတွေကို ရော်ဘာခြံထဲက အလုပ်သမားအဆောင်တစ်ခုရဲ့ အနီးမှာ ရော်ဘာခြံပိုင်ရှင်ရဲ့သားဖြစ်သူကတွေ့ရှိပြီး
အာဏာပိုင်တွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကို ဆက်သွယ်မေးပြန်ကြည့်ရာ”ပစ်သတ်ခံရတဲ့အထဲပါတာက မြန်မာ အလုပ်သမားတွေဆိုတာတော့ သေချာတယ်၊ မီးပါထပ်ရှို့ခံထားရတာ၊ ဘယ်ကလာလဲ ဘယ်မှာနေလဲ နာမည်တွေစသဖြင့် ဘာမှမသိရသေးဘူး ၊ ဒီဘက်မှာ အခြေအနေတွေရှုပ်နေတော့ ဘာမှစုံစမ်းလို့လည်း မရသေးဘူး။”လို့
ပြောပါတယ်။
အဲ့ဒီ သေဆုံးသူ မြန်မာအလုပ်သမား ၃ ဦးမှာ အသက် ၃၀ ကျော်အရွယ် ၂ ဦးနဲ့ အသက် ၅၀ ကျော်အရွယ် ၁ ဦးတို့ဖြစ်ပြီး မီးရှို့ခံထားရသူ ၁ ဦးရဲ့အလောင်းမှာ ရုပ်လုံးမပေါ်တော့တဲ့ အခြေအနေဖြစ်နေပြီလို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေက ထိုင်းလူမျိုး ရော်ဘာခြံပိုင်ရှင်ဆိုသူဟာ သေနတ်ဒဏ်ရာအချက် ၂၀ လောက်နဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိထားပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။
ဒါ့အပြင် ရော်ဘာခြံအနီးမှာ မြန်မာအလုပ်သမား ၁ဦးကို ဆိုင်ကယ် ၁ စီးအတူ မီးရှို့ခံထားရပြီး သေဆုံးနေတဲ့ အနေအထားနဲ့တွေ့ရှိရကြောင်းနဲ့ ကျန်မြန်မာအလုပ်သမား ၂ ဦးကို အလုပ်သမားအဆောင်ရှေ့တစ်နေရာနဲ့ အခန်းရဲ့ အရှေ့ဘက် တစ်နေရာမှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို စစ်ဆေးရှာဖွေတွေ့ရှိထားတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကည်း ထိုင်းနိုင်ငံတောင်ပိုင်းက တိုက်ခန်းတစ်ခုမှာ မြန်မာအမျိုးသမီး ၁ ဦးလည်လှီးဖြတ်ဒဏ်ရာနဲ့ အသတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေ အရ သိရပါတယ်။
Photo Credit -MCN
#voiceofmyanmar #VOM #ထိုင်း #ရော်ဘာခြံ #မြန်မာလုပ်သားပစ်သတ်မီးရှို့ခံရမှု