ဇူလိုင် ၁၈-၂၀၂၃
Shy V(VOM)
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ဒီကနေ့ညနေ ၅ နာခွဲခန့်က လက်နက်ကြီးကျည်ကျရောက်ပြီး
လူ၄ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နမ့်ဖတ်ကာဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပြီး အဲ့ဒီဘက်က ပစ်လိုက်တယ်လို့ ယူဆရတဲ့လက်နက်ကြီးဟာ နမ့်ဖတ်ကာအကျော် ဇီးဒဘန်ရွာမှာ ကျရောက်ပေါက်ကွဲပြီး နေအိမ် တစ်အိမ်ထဲက လူ ၃ ဦးနဲ့ ဆရာမ တစ်ဦး ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
“ကောင်လေး တစ်ယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ထိခိုက် ဒဏ်ရာရသူတွေက အသက် ၄၇ နှစ် အရွယ် ဒေါ်ခေါန်နန်၊ အသက် ၁၆ နှစ်အရွယ် ဘရန်စစ်၊ အသက် ၉ နှစ်အရွယ် ဘရန်ဆန်အောင်နဲ့ အသက် ၂၁ နှစ် အရွယ်ကျောင်းဆရာမ မေရီဆိုင်းနန် တို့ ဖြစ်တယ်၊ လက်ရှိ ဒဏ်ရာပြင်းထန်တဲ့ လူနာသုံးဦးကိုတော့ ကွတ်ခိုင်ဆေးရုံ ပို့ပြီး ဆေးကုသနေတယ်”လို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံ ၁ ဦး ကလည်း “ဆရာမ က နည်းနည်းပဲထိတော့ နမ့်ဖတ်ကာ ဆေးရုံမှာပဲ။ တရုတ်အိမ်လည်း ထိတယ်ပြောပေမယ့် အတိအကျ မသိရဘူး။ ကောင်ရာရွာဘက်လည်း မီးတွေလောင်တယ်။ အဆက်အသွယ် မရသေးဘူး၊ အခုညနေပိုင်း ၄ နာရီခွဲ ခန့်က နမ့်ဖတ်ကာ အကျော် ခိုမုန်းရွာရဲ့ အရှေ့ဘက်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ပြင်းထန်နေပြီး ညနေ ၅ နာရီခွဲ ဝန်းကျင်က နမ့်ဖတ်ကာ ၁၂၃ တပ်နားလည်း တိုက်ပွဲဖြစ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကလည်း ကောင်ရာဘက်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာတွေမှာ လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်လို့ ဒေသခံအချို့ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၅၊ ၁၆ ရက်နေ့တွေမှာလည်း မူဆယ် – လာရှိုး ပြည်ထောင်စုလမ်းမရှိ နေရာ သုံးနေရာခန့်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
Photo Crd – CJ
#voiceofmyanmar #VOM #နမ်းဖက်ကာ #လက်နက်ကြီးကျရောက်ပေါက်ကွဲမှု