ရေချိုငါးလုပ်ငန်းဥပဒေ ဖျက်သိမ်းလိုက်တာရဲ့နောက်ဆက်တွဲ အခြေအနေ

ဩဂုတ် ၁ – ၂၀၂၃
GG (VOM)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “ရေချိုငါးလုပ်ငန်းဥပဒေ’ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်၂၈ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။

ရေချိုးငါးလုပ်ငန်းဥပဒေ ရုပ်သိမ်းတဲ့ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၅၃/၂၀၂၃)နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုးပြီး ရုပ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဥပဒေ ပြဌာန်းထားချိန်မှာတောင် ငါးဖမ်းသူတွေက လိုက်နာမှုအားနည်းတာ ၊ ဘက်ထရီလျှော့ရိုက်ငါးဖမ်းတာ၊ အင်းသူကြီးတွေက ရရှိတဲ့ အင်းလေလံနှစ်အတွင်းမှာ အင်းထဲက ငါးကိုရသလောက် အကုန်ဖမ်းဆီးတာတွေ စတဲ့ ဥပဒေကိုကျော်လွန်လုပ်ဆောင်တာတွေ အများကြီးရှိခဲ့တယ်လို့ သိရပါတယ်။

ရေချိုငါးလုပ်ငန်းဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုပေမယ့်လည်း ဖျက်သိမ်းလိုက်တာဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုပြီးဖြစ်စေလို့ ဥပဒေအသစ်ထပ်မံပြဌာန်းမယ်ဆိုပါကလည်း အမြန်ဆုံးပြဌာန်းဖို့လိုကြောင်း ၊ ဥပဒေဖျက်သိမ်းတဲ့ကြားကာလမှာ ထိန်းသိမ်းမယ့်နည်းလမ်းနဲ့ လုပ်ဆောင်မယ့် စည်းကမ်းတွေကို ထုတ်ပြန်အသိပေးဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာသုံးသပ်သူတွေကပြောပါတယ်။

“လုပ်ငန်းအကြီးကြီးသမားတွေ လုပ်ခွင့်အတွက် ဖျက်လိုက်တာဆိုရင်တော့ နာပြီ၊ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ချင်ရာလုပ်ပြီး ဝင်လာမှာစိုးရိမ်ရတယ်၊ သဘာဝအရင်းအမြစ်တွေကို ထိမှာစိုးရိမ်ရတယ်။ဒီဥပဒေမရှိတဲ့ကြားကာလဘယ်လိုထိန်းမှာလဲ ၊ထောင့်စုံအောင် အားလုံးကို ကာဗာဖြစ်ရဲ့လား နဂိုကတည်းက အောက်နဲ့အထက်က ကွဲလွဲမှုတွေရှိတယ်။ သူက တစ်နေရာနဲ့တစ်နေရာ ပြစ်ဒဏ်တွေက မတူဘူး။ရင်လေးစွာနဲ့ စောင့်ကြည့်ရမှာပါ။ ကဏ္ဍအားလုံးမှာ အားနည်းချက်တွေရှိတဲ့အချိန် ရေးဆွဲထားတာရှိရင်လည်း မြန်မြန်လုပ်သင့်တယ်။အရပ်စကားလိုပြောရရင် ဥပဒေမရှိဘဲ လုပ်ချင်တာလုပ်ကြကွာလို့တော့ မလုပ်လောက်ဘူးလို့ထင်ပါတယ်”လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

အဲ့ဒီဥပဒေဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)က ဥပဒေအမှတ် ၁/ ၉၁နဲ့ ၁၉၉၁၊ မတ်လ ၄ ရက်မှာ ပြဌာန်းခဲ့တဲ့ ‘ရေချိုငါးလုပ်ငန်းဥပဒေ’ဖြစ်တယ်လို့ သိရပါတယ် ။

ရေချိုးငါးလုပ်ငန်းဥပဒေမှာ အခန်းပေါင်း ၁၄ ခန်းပါရှိပြီး ငါးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့၊ ငါးမျိုးပြုန်းတီးမှုကို ကာကွယ်တားဆီးဖို့၊ ရေချိုငါးလုပ်ငန်း ရေပြင်တွေ ပျက်စီးခြင်းကနေ ကာကွယ်စောင့်ရှောက်ဖို့၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရရှိဖို့​၊ ငါးလုပ်ငန်းကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနဲ့ အရေးယူဆောင်ရွက်ခြင်း ပြုနိုင်စေဖို့ ဟူတဲ့ ရည်ရွယ်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ဆိုပြီး အခန်း (၂)၊ ပုဒ်မ ၃ မှာ ပြဌာန်းထားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရေချိုငါးလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW