ခေါင်ခိုက်နေတဲ့ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ လုပ်ခလစာ

SN (VOM)

လက်ရှိကာလမှာတော့ လူတန်းစားအားလုံးအတွက် မရှိမဖြစ်အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ဖြစ်သင့်တဲ့ဈေးနှုန်းထက် များစွာမြင့်တက်နေပါတယ်။

မိသားစုဝင်ငွေ တိုးမလာပေမယ့် ထွက်ငွေတွေကတော့ တစ်နေ့ထက်တစ်နေ့ ပိုလို့သာ တိုးလို့လာနေပါတယ်။ တစ်မိသားစုလုံး ဘယ်လောက်ပဲ ဝင်ငွေတိုးအောင်ရှာပါစေ၊ တရကြမ်းတက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလိုသာ ဖြစ်နေရတာပါ။ ဒါ့ကြောင့် အခြေခံလူတန်းစား လက်လုပ်လက်စား ပြည်သူတွေအတွက်ကတော့ ဆင်းရဲတွင်းဟာ တစ်နေ့တခြား နက်သထက်နက်လို့လာနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ဟာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲတာ ၂နှစ်နဲ့ ၆လတာပြည့်တဲ့နေ့ပါ။ အဲ့ဒီ့ ၂ နှစ်နဲ့ ၆ လတာ ကာလအတွင်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ရွှေနဲ့ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပေမယ့် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ဟာတော့ တိုးမလာခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေဥပဒေကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ မတ်လမှာပြဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်မှာ ပြဌာန်းခဲ့တာပါ။ အဲ့ဒီ့ဥပဒေမှာ အနည်းဆုံးအခကြေးငွေကို ၂ နှစ် ၁ ကြိမ် သုံးသပ်ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာမှာ ပထမဦးဆုံးကြိမ်အဖြစ် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နာရီမှာ ၄၅၀ ကျပ်နှုန်းနဲ့ တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ၃၆၀၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီ့ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် မေလမှာတော့ အနည်းဆုံးအခကြေးငွေနှုန်းထားကို တစ်ရက် ၄၈၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အနည်းဆုံး အခကြေးငွေဥပဒေအရ အနည်းဆုံး လုပ်ခလစာကို ၂ နှစ်၁ ကြိမ်ပြင်ဆင်ဖို့ ပြဌာန်းထားပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ဒီကနေ့အထိ ပြင်ဆင်နိုင်ခြင်း မရှိသေးဘဲ ၅ နှစ်အတွင်း တစ်ရက် ၄၈၀၀ ကျပ်မှာသာ ခရီးတန့်နေခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၄၈၀၀ ဟာ လက်ရှိ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းရည်ညွှန်းဈေး အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၂၁၀၀ ကျပ်နဲ့ တွက်ရင်တောင် နှစ်ဒေါ်လာကျော်လောက်သာ ရှိနေတာပါ။

“အလုပ်ကရတဲ့ လစာက တစ်လကို ၂ သိန်းခွဲ။ ဒါပေမယ့် ဆန်ကြမ်းဈေးကတင်ကိုပဲ တစ်ပြည် ငါးထောင်ဖြစ်နေပြီ။ တစ်အိတ်ဈေးဆို တစ်သိန်းနားကပ်နေပြီ။ ဆန်ချောဈေးဆို တစ်သိန်းကျော်နေပြီ။ ရတဲ့လစာနဲ့ ဆန်ကြမ်းပဲ စားနိုင်ပါတယ်။ ဒါတောင် မသေရုံတမယ် လျှော့စားနေရတာ။ ဆီကလည်း တစ်ပိဿာကို တစ်သောင်းနား ကပ်နေပြီ။ ဈေးတစ်ခါမေးလိုက်ရင် တစ်ခါ ဝယ်ချင်စိတ်တောင် ပျောက်တယ်။ အသက်ရှင်ဖို့အတွက် မစားမဖြစ်လို့သာ စားနေရတာ။ ကိုယ့်အစာအိမ်ကိုတောင် မသထာချင်တော့ဘူး။ အိမ်လခကလည်း တစ်လ တစ်သိန်းနှစ်သောင်း ပေးရတယ်၊ မီတာဖိုးကလည်း ရှိသေးတယ်။ ရတဲ့လစာက လဝက်မရောက်ခင် အကုန် ကုန်တာပဲ။ နေမကောင်းဖြစ်ရင် ကုစရာတောင် ဆေးဖိုးမရှိဘူး။ အလုပ်ရှင်တွေကတော့ သူတို့ပေးထားတဲ့လစာက ကုန်ဈေးနှုန်း ဘယ်လောက်တက်တက် အဆင်ပြေနေမယ်လို့ ထင်ထားကြပုံရတယ်။ လစာတိုးဖို့ ယောင်လို့တောင် အသံမထွက်ကြဘူး။ ကိုယ်တွေရှေ့က‌နေ မားမားမတ်မတ်နဲ့ ဦးဆောင် ပြောပေးနိုင်လောက်တဲ့ အလုပ်ကလူကြီးတွေလည်း သူတို့လစာကောင်းနေလို့လား၊ သူတို့နေရာ ပျောက်သွားမှာစိုးလို့လားမသိဘူး၊ သူတို့နဲ့မဆိုင်သလိုဘဲ ငြိမ်နေကြတယ်။ အဲ့တော့ ကိုယ်တွေ လက်အောက်ငယ်သား ဝန်ထမ်းတွေအတွက်ကတော့ အံ့ကြိတ်ခံပေဦးပေါ့၊ ဒီကုန်ဈေးနှုန်းဒဏ်ကို”လို့ ရွှေပြည်သာမြို့နယ်မှ စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံအတွင်းမှာ ကုန်ဈေးနှုန်းတွေ သိသိသာသာ ကြီးမြင့်လာတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုး ပိုနည်းလာတာပါ။ လပေါင်း ၃၀ အတွင်းမှာ အခြေခံကုန်ဈေးနှုန်းတွေနဲ့ အရေးကြီးကုန်စည်တွက အနိမ့်ဆုံး ၂ ဆ ကျော် တက်လာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေမကောင်း၊ အလုပ်အကိုင်တွေ ပိုနည်းပါလာတဲ့ ပြည်သူတွေဟာ နေ့တဓူဝ စားဝတ်နေရေးအတွက်ကို ပိုရုန်းကန်နေကြရပါတယ်။

ငွေကြေးဖောင်းပွမှုဟာ အချိန်ကာလတစ်ခုအတွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်ခြင်းလို့ ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံအတွင်းမှာ ငွေကြေးဖောင်းပွမှုရဲ့ အကျိုးသက်ရောက်မှုဟာ သာမန်အားဖြင့် နေထိုင်မှုစရိတ်တွေ မြင့်တက်တာ၊ ဒါမှမဟုတ် အလုံးစုံကုန်ဈေးနှုန်း မြင့်တက်တာတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုဟာ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ Gerald Ford က ငွေကြေးဖောင်းပွမှုဟာ ပြည်သူလူထုရဲ့ နံပါတ်(၁)ရန်သူဖြစ်တယ်လို့ ၁၉၇၄ ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။

အခုဆို မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး နေထိုင်စားသောက်စရိတ်တွေ မြင့်တက်လာပေမယ့် လုပ်ခလစာနဲ့ဝင်ငွေတွေ တိုးမလာတဲ့အတွက် ဝင်ငွေနဲ့ထွက်ငွေ မျှတမှုမရှိဘဲ ဖြစ်နေကြရပါတယ်။ ပြည်သူလူထုရဲ့ အကျပ်အတည်း အကျိုးဆက်တွေဟာ နိုင်ငံတနိုင်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေအထိ ထိခိုက်စေပါတယ်။ ကုန်ဈေးနှုန်းမြင့်မားတာ အချိန်ကြာလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေက ပိုမိုနက်ရှိုင်းလာပါလိမ့်မယ်။ ဒါကြောင့်ကုန်ဈေးနှုန်း မြင့်မားစေတဲ့အကြောင်းရင်းတွေကို ကိုင်တွယ် ဖြေရှင်းဖို့လိုအပ်လှပါတယ်။

လက်ရှိမှာတော့ နစကဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုပြီး အခြေခံစားသောက်ကုန် စျေးနှုန်းတွေ အပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်ဖို့ “ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ” ကို ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီ့ ကော်မတီမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ အခြေခံစားကုန်ပစ္စည်းများဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ စျေးနှုန်း တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ဖို့၊ အခြေခံစားကုန် ပစ္စည်းတစ်မျိုးစီရဲ့ ပြည်တွင်းစားသုံးဖို့ လိုအပ်ချက်နဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆပြီး ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ဖို့၊ ဒေသအလိုက် ကုန်စျေးနှုန်းတွေ တည်ငြိမ်စေဖို့ လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေအတွက် အဖွဲ့အစည်းတွေ ဖွဲ့စည်းတာဝန်ပေးအပ်ဖို့နဲ့ ကုန်ပစ္စည်းထွက်ရှိရာဒေသတွေကနေ စားသုံးတဲ့ဒေသတွေဆီ သယ်ဆောင်ရာမှာ သယ်ယူစရိတ် ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာတဲ့အခါ လမ်းခရီးမှာ မလိုအပ်ဘဲ ထိန်းချုပ်ခြင်းတွေ မဖြစ်ပေါ်စေရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနဲ့ လုံလောက်စွာဝင်ရောက်ရေး၊ အဝင်အထွက် မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးဖို့၊ အခြေခံစားကုန်ပစ္စည်းတွေ ထုတ်လုပ်မှု တိုးချဲ့နိုင်ရေးအတွက် လိုအပ်ပါက ကူညီပံ့ပိုးမှုတွေ ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အခြေခံ စားကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့ ကုန်စျေးနှုန်း တည်ငြိမ်မှု ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်နိုင်ဖို့လည်း ပါဝင်ပါတယ်။

အဲ့ဒီလုပ်ငန်းတာဝန်များထဲမှာ အခြေခံစားကုန်ပစ္စည်း ထုတ်လုပ်မှုမှာ အဓိကဖြစ်တဲ့ လယ်ယာကဏ္ဍနဲ့ မွေးမြူရေးကဏ္ဍတို့မှာ ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနဲ့ တစ်နိုင် မွေးမြူရေးတို့ကို အားပေးခြင်း စတဲ့ စည်းရုံးရေး၊ စီးပွားရေး နည်းလမ်းတွေနဲ့ ဆွဲဆောင်မှုပေးဖို့နဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တွေက ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာအောင် နည်းလမ်းတွေရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အချက်များကိုလည်း ထည့်သွင်းထားသလို သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနဲ့ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းတွေ မဖြစ်ပေါ်စေရေး ကြိုတင်စီမံ ဆောင်ရွက်ထားဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီထုတ်ပြန်ချက်ကို အမိန့်ကြော်ငြာစာအမှတ် (၁၁၄/၂၀၂၃) နဲ့ ဇွန်လ ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းမှာ ထည့်သွင်းဖော်ပြလာတာ ဖြစ်ပါတယ်။

လက်ရှိ အခြေခံစားသောက်ကုန် ဈေးကွက်မှာ ရက်ပိုင်းအတွင်း ဆန်အချော တစ်အိတ် ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ကြား မြင့်တက်နေပြီး ဆန်ကြမ်းဈေး ကျပ် ၅၀၀၀ ကျော် မြင့်တက်သွားတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။

ပြည်တွင်းစားသုံးမှုမြင့်မားတဲ့ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ကျပ် ၁၃၀၀၀၀ ၊ ရွှေဘိုဧရာမင်းထူးရှယ် တစ်အိတ် ကျပ် ၁၀၈၀၀၀ ၊ ကျားပျံတစ်အိတ် ကျပ် ၁၁၀၀၀၀ ၊ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၉၆၀၀၀ ၊ ဆင်းသွယ် တစ်အိတ် ကျပ် ၈၆၀၀၀ နဲ့ ဇီယာ (ရှယ်) တစ်အိတ် ကျပ် ၇၉၀၀၀ ဝန်းကျင်ကြား ရှိနေပြီး ဒီဈေးနှုန်းတွေဟာ နေရာဒေသအလိုက် ဈေးနှုန်းကွာဟမှု ရှိနိုင်သလို အချိန်နဲ့အမျှ ဈေးနှုန်းအပြောင်းအလဲလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ၂၅ ရာခိုင်နှုန်းအဆင့်ရှိ အရန်ဆန် ၅၀ ကီလိုပါ ဆန်အိတ် ၅၀၀၀၀ ကို ဈေးကွက်အတွင်း အမြန်ဆုံး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါသေးတယ်။

အဲ့ဒီ့လိုပဲ စားသုံးဆီဈေးကွက်မှာလည်း တစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်း သိသိသာသာ မြင့်တက်လာပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခြေခံလက်ကား ရည်ညွှန်းဈေး ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး တစ်ပိဿာ ကျပ် ၄၂၉၅ သတ်မှတ်ထားချိန် ပြင်ပဈေးကွက်မှာတော့ ဇူလိုင် ၃၁ ရက်နေ့ လက်လီတစ်ပိဿာဈေး ကျပ် ၁၀၅၀၀ ကျော်ဝန်းကျင်မှာ ရှိနေပြီး ရည်ညွှန်းဈေးနဲ့ ၆၂၀၅ ကျပ်ဝန်းကျင် ကွာဟနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပဲဆီဈေးဟာလည်း တစ်ပိဿာကို ၁၃၀၀၀ မှ ၁၄၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာကို ၁၂၀၀၀ မှ ၁၃၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကာလတူက မြေပဲဆီ တစ်ပိဿာ ၉၀၀၀ ကနေ ၉၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး နှမ်းဆီက တစ်ပိဿာကို ကျပ် ၇၅၀၀ မှ ၈၀၀၀ ပေါက်ဈေး ရှိခဲ့တာကြောင့် တစ်နှစ်အတွင်း ဆီတစ်ပိဿာ ငွေကျပ် ၅၀၀၀ နီးပါး ဈေးမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုအချိန်ကလည်း ဒေသအလိုက် နှမ်းနဲ့ မြေပဲဆံကုန်ကြမ်း ရှားပါးချိန်လည်း ရောက်ရှိလာလို့ ပဲဆီ၊ နှမ်းဆီဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်သလို အဲ့ဒီ့လို ကုန်ကြမ်းရှားပါးခြင်းနဲ့အတူ နှစ်သောင်းတန် ငွေစက္ကူသတင်းကြောင်းလည်း ဈေးတွေကပိုပြီး မြင့်တက်လာတာ ဖြစ်ပါတယ်”လို့ ပဲဆီ၊ နှမ်းဆီ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကုန်‌ခြောက်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ (ကြူကုတ်) လက်လီ၊လက်ကား တစ်ပိဿာ ၇၅၀၀ ကျပ်၊ အောက်ကြက်သွန်နီ (size-1,2,3သန်) လက်လီ၊လက်ကား တစ်ပိဿာ ၂၀၀၀ ကျပ်၊ အောက်အာလူး လက်လီ၊ လက်ကား တစ်ပိဿာ ၂၈၀၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ကြက်သွန်ဖြူ (ကြူကုတ်) လက်လီ၊ လက်ကား တစ်ပိဿာ ၇၃၀၀ ကျပ်၊ အောက်ကြက်သွန်နီ (size-1,2,3 သန်) လက်လီ၊ လက်ကား တစ်ပိဿာ ၂၀၀၀ ကျပ်၊ အောက်အာလူး လက်လီ၊ လက်ကား တစ်ပိဿာ ၃၂၀၀ ကျပ်ဈေး ရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို ကုန်ဈေးနှုန်းမြင့်တက်မှုဟာ ကမ္ဘာအနှံ့ဆိုပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကျိုးသက်ရောက်တာတော့ မတူညီပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခံနိုင်ရည်ရှိကြပေမယ့် ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ် ခံနိုင်ရည်အားနည်းကြပါတယ်။

ဒါကြောင့် ဝင်ငွေနည်းနိုင်ငံတွေက ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အတွက် နေ့စဉ်နေထိုင်စားသောက်စရိတ်ဟာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာပြီး အခြားကုန်ပစ္စည်း ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။ အထူးသဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်လာမှုဟာ အခြေခံလူတန်းစားတွေအတွက် ပိုမိုဆိုးရွားတဲ့ အခက်အခဲတွေကိုဖြစ်ပေါ်စေပြီး နေ့စဉ်ဘဝတွေကို အကျပ်အတည်း များစွာနဲ့ ဖြတ်သန်းနေကြရပါတယ်။

“နှစ်သောင်းတန်ရဲ့ရိုက်ခတ်မှု အရင်တစ်ပတ်က ၈၅၀၀ ကျပ်ပေးရတဲ့ ဆီတစ်ပိဿာဘူးက အခု ၁၁၀၀၀ ကျပ်တဲ့။ တစ်ပတ်အတွင်း ၂၅၀၀ ကျပ်တက်သွားတာ။ ဆီတောင် နားဖာကလော်တံနဲ့ ခပ်စားရတော့မလို။ ကုန်ဈေးနှုန်း၊ ဓာတ်ဆီ၊ စားသုံးဆီဈေးတွေ ဘယ်လောက်တက်တက် မတက်တာကတော့ လစာ။ ဘာတွေ ဘယ်လောက်တက်တက် ငါတို့ကတော့ လစာတိုးမပေးနိုင်ဘူးကွာ၊ မင်းတို့ဘာသာမင်းတို့ ကြံဖန်စားဆိုတဲ့ အချိုးမျိုး။ လစာ ၁ သိန်းကျော်နဲ့ အောက်ခြေဝန်ထမ်းတွေ ဘယ်လိုနေထိုင် စားသောက်သွားလာနေရတယ်ဆိုတာ ဘယ်လူကြီးမှလည်း တွေးပေးဖူးမှာ မဟုတ်ပါဘူး။ အဲ့တော့ ကျုပ်တို့လည်း ကြံဖန်စားရတာပေါ့ဗျာ။ ခုချိန်ထိတော့ မတရားသဖြင့် ကြံဖန် မစားဖူးပါဘူး။ ကိုယ့်ကာယဉာဏနဲ့ ညီတဲ့ ကြံဖန်တာလေးလောက်နဲ့ပဲ စားသောက် နေထိုင်နေပါတယ်” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်း မြင့်တက်နေတာဟာ ဝိသမလောဘသားတွေရဲ့ ကုန်ဈေးနှုန်းကို ဖြစ်သင့်တာထက် မြှင့်ပြီး အမြတ်ထုတ်နေကြတာကြောင့်လည်း ပါဝင်ပါတယ်။ ဒီအချက်တွေကြောင့် လက်ရှိ အကျပ်အတည်းတွေကနေ ရုန်းကန်ဖို့ အခြေအနေဟာ ပိုပြီး ခက်ခဲနေပါလိမ့်ဦးမယ်။ အခုဆိုရင် ငွေကြေးဖောင်းပွမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်း ရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ကနေ သိရပါတယ်။

ပြည်တွင်းငွေလဲနှုန်းဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်ကာလက အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၂၀၀ ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့နှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ ဒေါ်လာဈေးတွေ တက်လာခဲ့တာမှာ ဒီကနေ့ ဒေါ်လာဈေးဟာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၄၀၀ ကျော်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

“ငွေတန်ဖိုးကျတော့ ဘာဖြစ်လဲ။ ကြက်ဥတစ်လုံး ၃၀၀ ၊ ကော်ဖီမစ် တစ်ထုတ် ၃၀၀ ၊ ဆန်တစ်ပြည် ၅၀၀၀ လောက်မှ ပါးစပ်ထဲထည့်လို့ရတဲ့အခြေအနေ။ ဆီစျေး ၉၀၀၀ ၊ ၁၀၀၀၀ ဝန်းကျင်။ အခြေခံစားသောက်ကုန် ၃ ဆနီးပါးတက်။ စုဆောင်းထားတဲ့ငွေ သုံးချိုး နှစ်ချိုးက နေရင်းထိုင်ရင်းနဲ့ကို ဆုံးရှုံးရတဲ့အဖြစ်။ ပိုက်ဆံစုရင်း ခွေးဖြစ်သွားတဲ့ဘဝတွေ” လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်လီဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥ ဈေးနှုန်းတွေလည်း ဆက်လက်မြင့်တက်နေပြီး အရွယ်အစားပေါ် မူတည်ကာ ကြက်ဥမှာ တစ်လုံး ၂၅၀ ကျပ်မှ ၃၁၀ ကျပ်ကြား၊ ဘဲဥမှာ ၂၈၀ ကျပ်မှ ၄၂၀ ကျပ်ကြား စသဖြင့် အသီးသီး မြင့်တက်လာတယ်လို့ သိရပါတယ်။

မြန်မာ့ အဓိကစားသောက်ကုန်တစ်ခုဖြစ်တဲ့ ဆန်စပါးဟာ ပြည်တွင်းထွက်ကုန် ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ တခြား နိုင်ငံခြားသွင်းကုန်တွေနဲ့အပြိုင် ဈေးနှုန်းမြင့်တက်နေတာပါ။ ဆန်စပါးဈေးနှုန်း မြင့်တက်ရတဲ့ အကြောင်းရင်းတွေထဲမှာ သယ်ယူစရိတ်၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားစရိတ် စတဲ့ အထွေထွေစရိတ် မြင့်တက်တာတွေလည်း ပါဝင်ပါတယ်။

အဲ့ဒီ့အကြောင်းရင်းတွေအပြင် ကုန်သည်ပွဲစားတွေရဲ့ဈေးကစားတာ၊ အမြတ်ကြီးစားတာတွေကလည်း ဆန်စပါးဈေးနှုန်းကို ဖြစ်သင့်တာထက်ပိုပြီး ဈေးနှုန်းမြင့်မားစေပါတယ်။ ဆန်စပါးလိုပဲ အခြား ပြည်တွင်းထွက်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်တွေလည်း မြင့်တက်နေပါတယ်။

မြန်မာပြည်သူလူထုရဲ့ မနက်မိုးလင်းကနေ မိုးချုပ်အထိ မိသားစုအတွက် တစ်နေ့တာ ကုန်ကျစရိတ်တွေဆိုတာဟာ ကုန်ဈေးနှုန်းအတက်အကျအပေါ် မူတည်နေတာဖြစ်ပြီး ကုန်ဈေးနှုန်း အတက်အကျအလိုက် မိသားစုရဲ့နေထိုင်မှုစရိတ်တွေ တိုးနေတာ ဖြစ်ပါတယ်။ တစ်ရက်နဲ့တစ်ရက် မတူတဲ့ ကုန်ဈေးနှုန်းတွေ တိုးလာတိုင်း မိသားစုထွက်ငွေတွေများလာတာကြောင့် အိမ်တစ်အိမ်ရဲ့ဝင်ငွေနဲ့ ထွက်ငွေမမျှမတမှုကို ပိုလို့ ဆိုးရွားစေပါတယ်။

ကုန်ဈေးနှုန်းက ဝင်ငွေကောင်းတဲ့ မိသားစုတွေအတွက်တော့ မထောင်းသာလှပါဘူး။ ဒါပေမယ့် ဝင်ငွေနည်းမိသားစုတွေ၊ ပင်စင်စားမိသားစုတွေ၊ လခစားမိသားစုတွေနဲ့ လက်လုပ်လက်စား ရပ်တည်နေကြရတဲ့သူတွေအတွက်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ အဓိက အကျပ်အတည်းတစ်ခုပါပဲ။ မိသားစုဦးရေများတဲ့ အိမ်ထောင်စုတွေမှာဆိုရင် စားစရိတ်၊ ကျန်းမာရေး၊ ပညာရေးစရိတ်တွေနဲ့ အသက်ရှူကြပ်မတက် ရုန်းကန်နေကြရတာဖြစ်ပြီး ဒီအခက်အခဲတွေက ရုန်းထွက်ဖို့ကတော့ ခရီးရှည်ကြီးတစ်ခုကို ဆက်လက် ဖြတ်သန်းနေရဦးမှာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #သုံးသပ်ချက်ဆောင်းပါး #ကုန်စျေးနူန်းကဏ္ဏ

Related posts

Leave a Comment

VOM News

FREE
VIEW