ငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ

သြဂုတ်-၄-၂၀၂၃
MaungMaung(VOM)

လက်ရှိ ၂၀၂၃ ခုနှစ် မကုန်ခင်မှာငြိမ်းချမ်းရေးညီလာခံပေါ်ပေါက်လာနိုင်ဖွယ်ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို လုပ်ဆောင်နေကြသူတွေက VOM ကို တညီတညွတ်တည်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နစက ရဲ့ ဝန်ကြီးများ အပြောင်းအလဲမှာ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ပြည်ထဲရေး ဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ပေးလိုက်တဲ့အတွက်ကြောင့် သူ့နေရာမှာ ရောက်လာမယ့် ပုဂ္ဂိုလ်ဟာ ဘယ်သူ ဘယ်ဝါဖြစ်မယ်ဆိုတာကို တိတိကျကျ မသိနိုင်သေးပေမဲ့ အဲဒီနေရာကို ရောက်လာမယ့်သူ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆောင်ရွက်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။

“အခုဟာကPPST တို့အထဲမှာအဖွဲ့(၅)ဖွဲ့ပါတယ်။အဲဒါကALP,DKBA,KNU, KNLA(PC),LDU,PLNOတို့ဖြစ် တယ်။ အဲဒါပြီးတော့PPST ထဲမှာမပါတဲ့ NMSPလို့ခေါ်တဲ့မွန်ပြည်သစ်ပါတီ နဲ့ RCSS ပေါ့။အခု(၂)ဖွဲ့ကNCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေဖြစ်တယ်။ သို့သော် PPST ထဲမှာ မပါဘူး။သူတို့ကတစ်ယောက်နဲ့တစ်ယောက် သုံးနှုန်းတဲ့အခါမှာ NCA လက်မှတ်ထိုးပြီးသား(၇)ဖွဲ့လို့မသုံးဘဲနဲ့ (5+1+1)လို့သုံးတယ်။ (၅)ဖွဲ့PPSTတစ်ဖွဲ့ မွန်ပြည်သစ်ပါတီတစ်ဖွဲ့RCSS အဲလိုသုံးတယ်။အဲလိုအဖွဲ့တွေနဲ့လည်း(၃)ကြိမ်လောက်ရှိပြီးပြီ။(၃)ကြိမ်လောက် လည်းဆက်တိုက်တွေ့တာတော့ မဟုတ်ဘူး။အခြားလိုက်၊တွေ့လိုက်ခြားလိုက်၊တစ်ဖွဲ့ချင်းနဲ့လည်းသီခြားတွေ့သလို PPSTနယ်မြေအစုအဖွဲ့နဲ့လည်းတွေ့တယ်။ထိုနည်းတူစွာဟိုဘက်က UWSA တို့ SSAတို့နဲ့လည်း စသဖြင့်တွေ့တာ(၃)ကြိမ်လောက်ရှိပြီ ။ဒီဥစ္စာတွေရဲ့ရလဒ်ပေါ်မှာမှီပြီးတော့အခု (၁၀)လပိုင်းဆိုရင် NCA လက်မှတ်ထိုးတာနှစ်ပတ်လည်တဲ့နေ့ရှိတယ်။(၁၅) ရက် နေ့။ အဲ့ဒီရက်လောက်မှာများ All-Inclusive မဟုတ်တောင် All-Inclusive နည်းနည်းလောက်ပါမယ့်ငြိမ်းချမ်းရေးညီလာခံကြီးတစ်ခုလောက်တော့အမြန်ဆုံးဖြစ်ပေါ်လာနိုင်တယ်လို့အခုတွေ့ဆုံမှုတွေရဲ့အပေါ်ကြည့်ပြီးတော့ခန့်မှန်းသုံးသပ်ပါတယ်”လို့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို လေ့လာသုံး သပ်နေသူက ပြောပြပါတယ်။

သြဂုတ်လ ၃ရက်က ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ မူလက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးလိုက်တဲ့အတွက် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် သူ့နေရာမှာ နောက်တစ်ယောက်က အစားထိုးဝင်ရောက်လာနိုင်တယ်လို့ ၂၀၁၀ ပြည့်နှစ်က နေ လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့တဲ့သူက ဆိုပါတယ်။

“လက်ရှိ ကက်ဘိနက် စုဖွဲ့မှုမှာ ပြည်ထဲရေးဝန်ကြီးဟာ NSPNC က လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဖြစ်နေ တယ်။ဒါကြောင့် အစားထိုး သူတစ်ယောက် လာနိုင်တယ်၊လာရင် ဘယ်လိုအခင်းအကျင်း ရှိမလဲ မသိဘူး။ ဒါပေမဲ့ PPST နဲ့ ဆွေးနွေးပြီး နှစ်မကုန်ခင် ငြိမ်းချမ်းရေးညီလာခံ တစ်ခု လုပ်မယ်လို့တော့ ပြောနေတယ်။ SAC ဘက်က သတ်မှတ်ထားတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ စကားအရင် ပြောနေတယ်။ ငြိမ်း ချမ်းရေးဆွေးနွေးနိုင်အောင် လုပ်နိုင်မယ်လို့ ကြိုးစားနေတယ်လို့ ယူဆတယ်။ နှစ်မကုန်ခင်ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ တစ်ခု လုပ်နိုင်ဖို့ ပြင်ဆင်နေတယ်။အဲဒါကို ရောက်အောင်တော့ ကြိုးစားသွားမယ်လို့ ထင်တယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့(PPST) ထဲမှာပါဝင်တဲ့ မူလ ၁၀ ဖွဲ့ကလည်း စည်းလုံးညီညွတ်မှု မရှိဘူးဆိုတဲ့ ပြောဆိုဝေဖန်နေတာတွေကလည်း ရှိနေတော့ နစက အနေနဲ့ ဒီနှစ်မကုန်ခင် ငြိမ်းချမ်းရေးညီလာခံ လုပ်နိုင်တယ်ဆိုတာက ဖြစ်နိုင်ပါ့မလားဆိုတဲ့ သုံးသပ်ချက်တွေကလည်း ရှိနေတာပါ။

“တပ်မတော်ကတော့ ၁၀ ဖွဲ့ပါလည်း ၁၀ ဖွဲ့နဲ့ သွားမယ်ဆိုတဲ့သဘောမျိုးတွေ့တယ်။ဒါကြောင့် ဒါက စိန်ခေါ်မှု လို့တော့ မယူဆပါဘူး။ဒါပေမဲ့လည်း နှစ်ကုန်မှာ ညီလာခံက တကယ် လုပ်မယ် မလုပ်ဘူး။သို့မဟုတ် အချိန် အနည်းငယ် ယူမလားဆိုတာ ဆက်စောင့်ကြည့်ရမယ်”လို့ ၂၀၁၀ ပြည့်နှစ်က နေ လက်ရှိအချိန်ထိ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့တဲ့သူက ထပ်ပြီး ပြောပြပါတယ်။

နစက ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်က အမျိုးသား ကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခဲ့ပြီး အရေးပေါ်အခြေအနေကို နောက်ထပ်(၆)လ သက်တမ်းထပ်တိုးပေးခဲ့ပါတယ်။

အဲဒီ ၆ လမှာ တည်ငြိမ်မှု မရသေးဘဲ သာမန်မဟုတ်တဲ့ အခြေအနေပဲ ရှိနေအုံးမယ်ဆိုရင် နစက အနေနဲ့ ကြား ကာလ အရွေ့တစ်ခုအတွက် ဘယ်လိုတွေ လုပ်ဆောင်လာနိုင်သလဲဆိုတာကလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းတယ်လို့ ၂၀၁၅ – ၂၀၂၀ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ပြောပါတယ်။

“နောက်ထပ် ၆ လ လည်း တည်ငြိမ်မှု မရနိုင်ဘူး။တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေတဲ့ငြိမ်း ချမ်းရေးကိစ္စတွေကလည်း အဖြေက ထွက်မလာ။တည်ငြိမ်မှုမရနိုင်သေးဘူးဆိုရင် ဥပဒေအရက ကာလုံကို ပြန်အပ်ရမယ်။ပြီးတော့ ကြားကာလအတွက် အစိုးရ ဖွဲ့နိုင်တယ်။ဖွဲ့တဲ့အခါမှာလည်း လက်ရှိ နစက ဥက္ကဌကတော့ အခရာကျမှာပဲလေ” ဆိုပြီး သုံးသပ်ပြပါတယ်။

ငြိမ်းချမ်းရေးညီလာခံ လုပ်ဖို့ နစကရဲ့ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နဲ့ သွားရောက်
ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေမှာ ပြောဆိုနေတာတွေ ရှိတယ်ဆိုတာ မှန်တယ်လို့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောကျော်ညွန့်က ဆိုပါတယ်။

ဒါပေမဲ့လည်း အားလုံး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးညီလာခံ ဖြစ်ဖို့အတွက်ကတော့ စိန်ခေါ်မှု ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။

“NCA ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ နဲ့ ဖွဲ့ထားတဲ့ PPST အဖွဲ့တွေထဲမှာတောင်မှ လောလောဆယ် အဲဒီဆွေးနွေးပွဲကို သွားနေတဲ့ အဖွဲ့က ၇ ဖွဲ့ပဲ ရှိတယ်။တချို့အဖွဲ့တွေက မသွားနိုင်ဘူး။ဒီအပေါ်မှာ PPST ရဲ့ အစုအဖွဲ့တွေကလည်း ပြောင်းလဲမှုတွေ ရှိခဲ့တယ်လေ။ PPST ဟာ အရင်က တင်းပြည့် ကျပ်ပြည့် ပါဝင်နေပေမယ့်လို့ အခု နိုင်ငံရေး အနေအထားတွေကြောင့် PPST ထဲမှာအပြောင်းအလဲတွေ လုပ်ရတာလည်း ရှိတယ်။ငြိမ်းချမ်းရေး ညီလာခံပဲ ဖြစ်ဖြစ် ဆွေးနွေးပွဲ ဖြစ်ဖြစ် အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကတော့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်တယ်။ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေဟာ နိုင်ငံရေးပြဿနာ ဖြစ်တယ်။နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းလို့ ဘယ်လိုမှ အဆင်မပြေဘူးဆိုတဲ့ အတွေ့အကြုံကလည်း နှစ်ပေါင်း ၇၀ ကျော် ကျွန်တော်တို့ ကြုံလာခဲ့ပြီးပြီ။လက်ရှိ အကျပ်အတည်းကို ပြေလည်ဖို့ဆိုတာကတော့ PPST အနေနဲ့ ပြောကြစတမ်းဆိုရင် သက်ဆိုင်သူတွေ အားလုံးက နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်အပေါ်မှာ စကားပြောကြဆိုကြ ဆွေးနွေးကြတဲ့ အပေါ်မှာပဲ ယုံကြည်မှု ရှိတယ်။သို့သော်လည်းပဲ ဒီအချိန်မှာတော့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆို တာကလည်းပဲ စိန်ခေါ်မှု ရှိနေတယ်။သက်ဆိုင်သူတွေ အားလုံးပါဝင်ဖို့ဆိုတဲ့ ကိစ္စရပ်တွေကို စဉ်းစားကြည့် လိုက်မယ်ဆိုရင်တော့ ပြောစရာဆိုစရာစဉ်းစားရမယ့်ဟာတွေ အများကြီးရှိတယ်လို့ နားလည်ပါတယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရာစုညီလာခံ မှာ ညီလာခံ ဖြစ်ဖို့အတွက် NCA မှာ လက်မှတ်ရေးထိုးကြတယ်။စစ်ပွဲတွေ မဖြစ်ဖို့လည်း အကုန်လုံးဝိုင်းဝန်းပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြတယ်။ပြီးတော့ သက်ဆိုင်သူ တွေ အားလုံးပါဝင်တဲ့အခင်းအကျင်းဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ငြိမ်းချမ်းရေးညီလာခံကို အထောက်အပံ့ဖြစ်နိုင်လောက်တဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု က စိန်ခေါ်မှု ရှိတယ်။နောက်တစ်ချက်က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တို့ ဘာတို့ကလည်း ကြားမှာ အခိုင်အမာ မရှိဘူး။ရှိတဲ့အဖွဲ့အစည်းတွေကလည်း တိုက်တဲ့သူက တိုက်တယ်။တချို့ကလည်း စကားပြောနေတာတွေ ရှိတယ်။ဒီလိုအခြေအနေတွေအောက်မှာ ငြိမ်းချမ်းရေးညီလာခံအတွက် ကံသေကံမ မပြောနိုင်သေးပါဘူး။ဒါကြောင့် ငြိမ်းချမ်းရေးညီလာခံအတွက်က ကြိုးပမ်းလုပ်ဆောင်ဖို့ အများကြီးလိုအပ်နေပါသေးတယ်လို့ ဦးစောကျော်ညွန့်က သုံးသပ်ပါတယ်။

ပုံစာ-၂၀၂၀ ပြည့်နှစ် သြဂုတ်လက ပြုလုပ်ခဲ့တဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့မြင်ကွင်း

#Voiceofmyanmar#VOM##Voiceofmyanmar#VOM#ငြိမ်းချမ်းရေးညီလာခံ# စိန်ခေါ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW