ရန်ကုန် အိမ်ခြံမြေဈေး နှစ်ဆနီးပါး မြင့်တက်နေ

ဩဂုတ် ၄ – ၂၀၂၃
SN (VOM)

ရန်ကုန်အပါအဝင် ပြည်တွင်း အိမ်ခြံမြေဈေး ငြိမ်သက်မှုမရှိဘဲ အလှုပ်အခတ် များနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

လက်ရှိမှာ ကုန်ဈေးနဲ့ကြီးမြင့်မှုနဲ့ အခြားအခြေအနေတွေကြောင့်ငွေသားလက်ဝယ် ကိုင်ဆောင်လိုသူတွေ နည်းပါးလာခဲ့ကာ တပိုင်တနိုင် ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ခိုင်မာမှုရှိတဲ့ လုံးချင်းအိမ်တွေ၊ ခြံတွေနဲ့ မြေကွက်တွေဘက်ကို ခြေဦးလှည့်လာလျက်ရှိ တယ်လို့ သိရပါတယ်။

“နစက က နှစ်သောင်းတန်ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမယ်လို့ကြေညာပြီး နောက်ပိုင်းကစလို့ အိမ်ခြံမြေဈေးကွက်က လှုပ်လာတာပေါ့။ တချို့တွေကျတော့လည်း ငွေထုပ်ပိုက်ပြီး လိုက်ဝယ်တာတွေတောင်ရှိတယ်။ ချက်ချင်းငွေချေပေါ့ အဲ့လိုမျိုးဝယ်ကြတာ။ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဒါဘာလိုနေရာမျိုးနေရာမျိုးတောင်မှ အခု သိန်း ၃၅၀ ကျော်၊ ၄၀ နား ကပ်နေပြီ။ ဈေးက တစ်ရက်နဲ့တစ်ရက်တောင် မတူဘူး။ ဒီနေ့ ဒီဈေးပြောထားပေမယ့် နောက်နေ့ အဲ့ဈေး ရချင်မှ ရတော့မယ်။ ဈေးတွေကမငြိမ်ဘူး။ နှစ်ဆနီးပါးလောက်ကို တက်နေတာ။ အဲ့တော့ အခုဈေးကွက်က ပေါက်ဈေးစနစ်ထက် ရောင်းသူစိတ်ကြိုက် ခေါ်ဈေး‌ဖြစ်နေတယ်။ ခုဈေးခေါ် ခုကြိုက်၊ ခုဝယ်နဲ့ အဲ့လိုအခြေအနေမျိုး ဖြစ်နေတယ်” လို့ မြောက်ဒဂုံမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဈေးကွက်အတွင်း အရင်က ပေါက်ဈေး သိန်း ၅၀၀ ရှိတဲ့ မြေကွက်တွေဟာ လက်ရှိမှာ ၂ ဆနီးပါး ဈေးတင်ရောင်းချမှုတွေ ရှိနေပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ် အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

အရင်က သိန်း ၇၀၀ တန် အိမ်တစ်လုံးဟာ ချက်ချင်းဆိုသလို သိန်း ၉၀၀ ဈေးဝန်းကျင် ရောက်ရှိနေပြီး အရင်က သိန်း ၄၀၀၀ တန် အိမ်တစ်လုံးကလည်း သိန်း ၄၅၀၀ ဈေး ရောက်ရှိနေပြီး နေ့စဉ် တက်ရိပ်ပြနေတယ်လို့ သိရပါတယ်။

“ဈေးတွေက မြင့်နေပေမယ့်လည်း ဝယ်မယ့်သူကလည်း လက်ထဲပိုက်ဆံမထားချင်ကြတော့ ဝယ်မယ်ဆိုတာချည်းပဲ။ အရောင်းသမားတွေကသာ ဈေးခေါ်ချင်တော့ မရောင်းဘဲ အခြေအနေကြည့်နေကြတာ။ ပိုက်ဆံတွေကလည်း ပိုပြီး တန်ဖိုးကျဖို့ ရှိနေတဲ့ပုံဆိုတော့ အရောင်းရပ်ထားသလို ဖြစ်နေတာပေါ့။ အခုက ကိုယ့်လက်ထဲမှာ ထိန်းထားလေ ဈေးမြင့်လေဖြစ်နေတာ။ ဈေးကွက်ကလည်း ဟိုးအရင်ကတည်းက တဖြည်းဖြည်း ပေါက်ဈေးပျောက်နေပြီ။ ခုကြိုက်၊ ခုဝယ်ဆိုတော့လေ။ ရောင်းသူကြိုက် ခေါ်ဈေးဖြစ်နေတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စရံချထားတာတွေကိုလည်း ပိုင်ရှင်မှ စရံချထားတဲ့ ငွေကြေးထက် နှစ်ဆပြန်ပေးကာ အရောင်းအဝယ် ဖျက်သိမ်းမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ကြီးသမားတချို့သာ ပုံမှန်ထက် အမြင့်ဈေးတင်ပြီး ရောင်းချမှုရှိနေပေမယ့် အများစုက အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။

“အိမ်ခြံမြေဈေးတွေကတော့ ဒီထက်ပိုပြီးတက်လို့လည်း မကောင်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တစ်စုံတစ်ရာလောက်ပဲ ရှိမယ်လို့ထင်ပါတယ်။ ငွေလဲနှုန်းအနေအထားတွေကတော့ ထိန်းသိမ်း ထားနိုင်တယ်လို့ မြင်ပါတယ်။ အိမ်ခြံမြေဈေးနှုန်း အတိုင်းအတာကတော့ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူရဲ့ အနေအထားပေါ်မှာလည်း ရှိပါတယ်။ တော်ရုံဈေးထက် မြင့်ပြီဆိုရင်တော့ ဒါက ဝယ်သင့်တဲ့ ဈေးနှုန်း မဟုတ်ပါဘူး။ ဝယ်ထားပြီဆို တစ်ချိန်ကျလို့ ပြန်လည်တည်ငြိမ်သွားပြီဆို ဒါက အနှုတ်ရလဒ် ဖြစ်သွားနိုင် ပေါ့။ ဒီလိုမျိုးလေးတွေ ရှိပါတယ်” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်မှာ မြန်မာကျပ်ငွေတန်ဖိုးဟာ နှစ်ဆကျော်ကနေ သုံးဆခန့်အထိ တန်ဖိုးကျဆင်းခဲ့ပြီး နိုင်ငံခြားငွေလဲဈေးနှုန်းတွေ မြင့်တက်လျက် ရှိပါတယ်။

ပြည်တွင်းမှာ ငွေကြေးသုံးစွဲမှုတွေကို ကန့်သတ် ထိန်းချုပ်လိုက်တာတွေ အပါအဝင် ငွေကြေးမတည်ငြိမ်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေးဖောင်းပွလာမှုတွေနဲ့ ဘဏ် စနစ်တွေအပေါ်မှာ လူတွေကယုံကြည်မှုတွေ အားနည်းလာတဲ့အတွက် ရွှေ၊ အိမ်ခြံမြေနဲ့ ကားဈေး ကွက်ဘက်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေ အများအပြား ပြန်ရှိလာခဲ့ပြီး ဝယ်လိုအားကြောင့် ဈေးနှုန်းတွေဟာလည်း လိုက်ပါ မြင့်တက်ခဲ့ရတာဖြစ်တယ်လို့ ဈေးကွက်ရေးရာကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

#voiceofmyanmar#VOM#ရန်ကုန် အိမ်ခြံမြေဈေး# မြင့်တက်နေ

Related posts

Leave a Comment

VOM News

FREE
VIEW