ဩဂုတ် ၅ – ၂၀၂၃
GG(VOM)
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးလာလို့ ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်ဖို့ ကြိုးစားလာတဲ့ လူငယ်တွေ အရင်ကထက် ပိုများလာပါတယ်။
ပြည်ပကို အလုပ်သွားလုပ်ဖို့ ရွေးချယ်ကြတဲ့အထဲမှာ မြန်မာနဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကို အများဆုံး သွားနေကြပြီး တရားမဝင် အောက်လမ်းနဲ့ သွားတာရှိသလို တရားဝင်အေဂျင်စီတွေကတဆင့် MOU စနစ်နဲ့ သွားရောက်ကြသူတွေလည်း ရှိနေတယ်လို့သိရ ပါတယ်။
MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းကနေ ထိုင်းကိုသွားတာဟာ အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လုံခြုံရေး စိတ်ချရမှု ၊ အလုပ်အကိုင် ရရှိမှု ၊ မှန်ကန်တဲ့ အခြေခံလုပ်ခလစာ စတဲ့ ရသင့်ရထိုက်တဲ့အလုပ်သမား အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပေမယ့် မှောင်ခိုလမ်းကနေသွားရင်တော့ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှူမရှိဘူးလို့ သိရပါတယ် ။
” တရားဝင် နှစ်နိုင်ငံ သဘောတူညီမှု MOU နဲ့သွားစေချင်တယ်။ဒါမှ တခုခုဆို ဖြေရှင်းလို့ရမယ်။အာမခံချက်၊တာဝန်ယူမှု တာဝန်ခံမှုရှိပါမယ်။အလုပ်ရှင်ရဲ့ခေါင်းပုံဖြတ်မှု ကင်းပါမယ် ၊အန္တရာယ်လည်းကင်းပါမယ်”လို့ လိုင်စင်ရအေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တရားဝင်လမ်းကြောင်းကသွားရောက်လို့ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် သက်ဆိုင်ရာ အေဂျင်စီက တာဝန်ယူဖြေရှင်းပေးပြီး လိုအပ်ရင် သံအရာရှိအထိဖြေရှင်းပေးတာဖြစ်လို့ အလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေ သာ ထိုင်းကိုသွားရောက်သင့်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် MOU စနစ်နဲ့သွားရောက်ခြင်းကသာ ထိုင်းနိုင်ငံဥပဒေအတိုင်း လုပ်ခလစာရရှိခြင်း၊ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်း စတဲ့ တရားဝင်ရပိုင်ခွင့်အားလုံး ခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ် ။
” MOU စနစ်နဲ့ သွားလို့ ပထမဆုံးပြဿနာဖြစ်ရင် အေဂျင်စီက အစိုးရချမှတ်ထားတဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်း ဖြေရှင်းရတယ်။ပြေလည်မှုမရရင် အလုပ်သမားဆက်ဆံရေးရုံးမှာ ထပ်ရှင်းရတယ်၊အဲ့ဒီမှာ မပြေလည်ရင် သံအရာရှိခေါ်ပြီးဖြေရှင်းရတာပေါ့။ဒါမျိုးဆိုပြေလည်တာများတယ်။ဒါကိုမှမပြေလည်ရင် ထိုင်းကုမ္ပဏီကို ဘလက်လစ်လုပ်ပြီး ထိုင်းအလုပ်သမားရုံးကိုတိုင်ပြီး ဆက်တိုက်လုပ်ပါတယ်။နောက်တစ်ခုရောက်သွားပြီးမှ အလုပ်တစ်ခု၊ ဒီကပြောတာအလုပ်တစ်ခု ဆိုတာမဖြစ်သင့်တဲ့ကိစ္စ ၊ ဒါက အေဂျင်စီကမှားတာလား၊ထိုင်းဘက်ကမှားတာလား ကြည့်ရတယ်”လို့ MOEAF မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တရားမဝင် မှောင်ခို အောက်လမ်းကနေ ထိုင်းကိုအလုပ်သွားရောက်လုပ်ကိုင်ခြင်းက အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုမရှိခြင်း၊ အလုပ်အကိုင် တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း ၊ လုပ်ခလစာပိုင်း အာမခံချက်မရှိခြင်း ၊ ထိုင်းနိုင်ငံရောက်ပါကလည်း ဘဝလုံခြုံမှုမရှိခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်း စတဲ့ ဒုက္ခတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ် ။
” ဒီရောက်တော့ ကျနော်အလုပ်လုပ်ရတဲ့ ၃ လအတွက် လစာမရပါဘူး။စားရရုံပါပဲ။ကျနော်လာတုန်းက အိမ်နဲ့ခြံပေါင်ပြီးလာခဲ့ရတာ အတိုးတွေတက်ပါတယ်။၃လလောက်အလကားလုပ်ပေးလိုက်ရတယ်။ကိုယ်ကအောက်လမ်းကလာတာဆိုတော့ ဘာမှမတတ်နိုင်ဘူး။ အောက်လမ်းကလာတော့ ဘယ်သူ့မှလည်းတိုင်မရဘူး။အပြင်ထွက်လို့လည်းမရဘူး။ “လို့ ထိုင်းမှာ အောက်လမ်းကနေ သွားပြီး အလုပ်လုပ် နေသူတစ်ဦးကပြောပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ တရားမဝင် အောက်လမ်းကနေ ထိုင်းကို သွားနေကြသလို နောက်ထပ်လည်း တရားမဝင်နည်းနဲ့ သွားဖို့ ပြင်ဆင်နေတဲ့ သူတွေအများအပြားရှိနေပါတယ်။
“ကလေး ၂ ယောက်ရှိတယ်၊ကျနော် ပန်းရံအကြမ်း ၈၀၀၀ ရတယ်၊တစ်ရက်အိမ်စရိတ် မလောက်ဘူး၊ အခုအသိက ထိုင်းကို ၂၀ နဲ့ ခေါ်တယ်၊ဟိုမှာအလုပ်ရှိပြီးသား တန်းလုပ်ရုံပဲပြောတယ်။၂ရက်အတွင်း သွားရမှာ၊ကျနော့မှာ ပတ်စ်ပို့စ် မရှိဘူး၊မရှိလည်းရတယ်ပြောလို့ အခုလိုက်ဖို့ ငွေရှာနေတာပါ “လို့ ထိုင်းကိုအောက်လမ်းကနေသွားဖို့ လုပ်နေသူတစ်ဦးကပြောပါတယ်။
အဓိက ပြည်တွင်းမှာ နေ့စဥ်လုပ်ကိုင်ရတဲ့အလုပ်နဲ့ ရရှိတဲ့ တစ်ရက်လုပ်ခလစာ ရရှိမှုဟာ မိသားစုစားဝတ်နေရေး မလောက်ငှတော့တာကြောင့် ပြည်ပနိုင်ငံကို ရတဲ့နည်းလမ်းတွေနဲ့ အလုပ်သွားလုပ်ဖို့ ငွေကုန်ကျမှုနည်းပြီး အမြန်ဆုံးနည်းကိုလိုက်ရင်း တရားမဝင်နည်းနဲ့ သွားတဲ့သူ များလာကြတာဖြစ်တယ်လို့ သိရပါတယ် ။
နောက်ပြီး တရားဝင်အေဂျင်စီတွေကတဆင့် သွားဖို့လုပ်ဆောင်ရာမှာ အချိန် ၆ လထက်မနည်း ကြာမြင့်တဲ့အချက်ကလည်း တရားမဝင်လမ်းကနေ သွားဖို့ကြိုးစားသူတွေ ပိုများလာရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နေတယ်လို့ သိရပါတယ် ။
” ဖြစ်နိုင်ရင် အခုပတ်စ်ပို့လုပ် ၊အခုခေါ် အခုကို ပို့ပေးချင်တာပေါ့။ ဒါပေမယ့် တရားဝင်ဆိုတဲ့သဘောအတိုင်း လုပ်ထုံးလုပ်နည်း အတိုင်းသွားရတယ်။ အချိန်ကြာတယ်ဆိုပေမယ့် အလုပ်သမားအတွက် safe ဖြစ်တယ်။ စိတ်ချရတယ်ပေါ့။ ထိုင်းက ရွာဘက်ကသွားကြတာများတယ်၊ သူတို့က အခုပြော အခုသွားချင်ကြတာ အဲ့ဒီလိုမရဘူးလေ၊ ကျနော်တို့ထက် ပွဲစားစကားကို ပိုယုံကြတယ်။ တရားမဝင်သွားတာ အားမပေးပါဘူး “လို့ ထိုင်းကို အလုပ်သမားစေလွှတ်ခွင့်ရရှိထားတဲ့ လိုင်စင်ရအေဂျင်စီရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်လို့ အဖမ်းခံထားရတဲ့ မြန်မာလုပ်သားတွေ ထိုင်းဘက်မှာ အများအပြားရှိနေပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သီးနှံတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားပေါ်မှာ တရားမဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦး မဲဆောက်မြို့အထွက် အဖွဲ့စုံ စစ်ဆေးရေးဂိတ်မှာ ထိုင်းရဲတွေရဲဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
” ဒီလောက်ဖမ်းခံနေရတာတောင် အောက်လမ်းကနေ ခိုးဝင်လာသူ ရှိနေတုန်းပဲ။ရွာကလူတွေက အခုလိုအဖမ်းခံရတာ သူတို့မသိဘူး။အလုပ်တန်းလုပ်ရမယ်၊တစ်ယောက်ကိုဘယ်လောက်ပေး ဆိုပြီး လိုက်လာကြသူတွေ ပါတယ်။ပေးရတာကလည်း mou နဲ့လာတဲ့နူန်းမကွာဘူး။ငွေလည်းဆုံး၊လူလည်း အဖမ်းခံရ အဖတ်တင်တယ် ။အောက်လမ်းက မလာကြပါနဲ့၊တရားဝင်ပဲလာကြပါ အမြဲပြောပါတယ်”လို့ ထိုင်းရောက် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုမင်းဇေယျာကပြောပါတယ်။
အခု ၂၀၂၃ ခုနှစ် ၇ လအတွင်းမှာ ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ အလုပ်သွားရောက်လုပ်ခဲ့သူတွေထဲကနေ မြန်မာလုပ်သား ရာနဲ့ချီပြီး ထိုင်းရဲတွေ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်ရင်း ထိုင်းရဲဖမ်းဆီးမှုကို ရှောင်တိမ်းရင် အသက်သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သားတွေ ရှိသလို ၊ထိုင်းကို တရားမဝင် ဝင်ရောက်ချိန် ထိုင်းရဲလိုက်လံဖမ်းဆီးလို့ မတော်တဆ ယာဥ်တိမ်းမှောက်ကာ အသက်သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သားတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုင်းကို အလုပ်သွားရောက်လုပ်ကိုင်မယ်ဆိုရင် တရားဝင်လမ်းကြောင်း MOU စနစ်နဲ့သာ သွားရောက်လုပ်ကိုင်ကြဖို့လိုအပ်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သား၊အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပြောဆိုထားကြပါတယ်။
ထိုင်းကိုMOU စနစ်နဲ့သွားမယ်ဆိုရင် အေဂျင်စီဝန်ဆောင်ခ ၊ ပတ်စ်ပို့စ် စတဲ့အထွေထွေ ကုန်ကျစရိတ်က တစ်ယောက်ကို ၄၅ သိန်းလောက်အထိ ကုန်ကျမှုရှိပြီး တရားမဝင် အောက်လမ်းကနေ သွားမယ်ဆိုရင်လည်း ပွဲစား ကနေတဆင့်ချိတ်ဆက်ရတာဖြစ်လို့ အနည်းဆုံး ၁၉ သိန်း ကနေ ၃၀ လောက်အထိ ကုန်ကျမှုရှိတယ်လို့ သိရပါတယ် ။
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့နူန်းထားကတော့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ်ဆိုရင် ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက အလုပ်သမားတစ်ယောက်ကို ၃၀၀၀၀၀ သိန်းနဲ့ ၅၃၉၀ ဘတ် ကုန်ကျမှာဖြစ်ပြီး SSB အကျုံးမဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃သိန်းနဲ့ ဘတ်ငွေ ၇၆၀၀ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
အကယ်၍ အေဂျင်စီတွေအနေနဲ့ သတ်မှတ်နူန်းထားထက် ပိုပြီးကောက်ခံခဲ့ရင် ဝန်ဆောင်ခအဖြစ်ပေးရတဲ့ နူန်းထားကို အထောက်အထား ၊သက်သေနဲ့တကွ တင်ပြတိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
” MOU စနစ်ဆိုရင်တော့ SSBက အကုန်ပါတာများပါတယ်။ SSB အကျုံးဝင်အလုပ်ဆိုရင် ၃သိန်းနဲ့ ဘတ် ၅၃၉၀ ပဲကုန်မယ်၊ SSB အကျုံးမဝင်အလုပ်ဆိုရင် ၃သိန်းနဲ့ ဘတ် ၇၆၀၀ ကုန်မယ်။တကယ်လို့ အခုပြောသလို သိန်း၄၀ လောက်ပေးရတယ် ကုန်တယ်ဆိုရင် ကိုယ်ပေးရတာကို အထောက်အထား၊သက်သေခိုင်လုံလို့ရှိရင် တိုင်လို့ရပါတယ်။အဲ့ဒီအခါကျ စိစစ်ပြီး လိုင်စင်ပိတ်တာ အရေးယူတာမျိုးလုပ်မှာပေါ့ ” လို့ မြန်မာရွှေ့ပြောင်းလုပ်သားဌာနခွဲက အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ထိုင်းကို အလုပ်သမားစေလွတ်ခွင့်ပြုထားတဲ့ တရားဝင်လိုင်စင်ရ အေဂျင်စီ ၁၅၇ ခုရှိတဲ့အနက် ၆ ခုကို ယာယီလိုင်စင်ရပ်ထားပြီး ၁၅၁ ခုကို လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဝန်ကြီးဌာနစာရင်းအရ သိရပါတယ်။
ထိုင်းကို မြန်မာလုပ်သား MOU စနစ်နဲ့စေလွှတ်မှုကို ကိုဗစ်ကြောင့် ၂၀၂၀ မှာ ရပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ mou စနစ်နဲ့လုပ်သားတွေ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက မြန်မာလုပ်သားအများဆုံး အလုပ်လုပ်ကိုင်မှုရှိပြီး အဓိက ဆောက်လုပ်ရေးလုပ်ငန်း၊အစားအစာစက်ရုံ၊ အထည်ချုပ်လုပ်ငန်း ၊ မွေးမြူရေး လုပ်ငန်း စတဲ့စက်ရုံတွေမှာ အဓိကလုပ်ကိုင်နေကြတာဖြစ်တယ်လို့သိရပါတယ်။
ပုံစာ – ဖမ်းဆီးထိန်းသိမ်းခံရပြီး မြန်မာဘက်ပြန်ပို့ခံရမယ့် မြန်မာလုပ်သားတွေ
#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သားအရေး