သြဂုတ်၊ ၅-၂၀၂၃
MM(VOM)
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ သောင်ရင်းမြစ်အနီးမှာရှိတဲ့ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ သောင်ရင်းမြစ်ရေတွေ အလုံးအရင်းဝင်ရောက်လာပြီး လူနေအိမ်တွေ ရေနစ်မြုပ်ကုန်တာကြောင့် လူ ၂၀၀၀ ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေတွေ ထိုးဆင်းလာပြီး သောင်းရင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ ထက်ကျော်လွန်ကာ သြဂုတ် ၂ ရက်စတင်လို့ မြဝတီမြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာလို့
သိရပါတယ်။
မြဝတီမြို့မှာတော့ ရပ်ကွက် ၁ ၊ ၂ ၊ ၃ ၊ ၅ တွေမှာ ရေကြီးမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေကာ ရေဘေးသင့် ဒေသခံတွေဟာ အိုးအိမ်တွေ စွန့်ခွာပြီး သက်ဆိုင်ရာက ယာယီဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုမှာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။
“မိသားစုတော်တော်များများကတော့ ဒုက္ခရောက်နေကြတယ်၊ မြဝတီမှာ အခြေခံလူတန်းစားက ပိုများတဲ့အတွက် ပိုပြီးဒုက္ခရောက်တယ်၊ အိမ်တွေက အကုန်လုံး အောက်မြုပ်နေတယ်၊ တော်တော်များများကစာသင်ကျောင်းတွေပေါ်မှာ တက်နေရတယ်၊ ထမင်းစားဖို့ လာဝေတဲ့သူတွေရှိတယ်၊ လိုအပ်ချက်က များနေတယ်၊ တချို့နေရာတွေဆို မရလို့အခက်အခဲတွေရှိနေတယ်။”လို့ ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
အဲ့ဒီလို မိုးအဆက်မပြတ် ရွာသွန်းနေတဲ့ မိုးဒဏ်ကြောင့် ဟောင်သရောမြစ်နဲ့ ဂျိုင်းမြစ်ရေတွေထိုးတက်လာပြီး သြဂုတ် ၅ ရက်မနက်ပိုင်းက စတင်လို့ ကော့ကရိတ်မြို့နယ်အတွင်းက မြေနိမ့်ပိုင်းတွေဖြစ်တဲ့ အမှတ် ၁၊ ၂ ၊ ၄၊ ၅၊ ၆ စတဲ့ ရပ်ကွက်တွေက လူနေအိမ်တွေထဲ ရေ
တွေဝင်ရောက်နေတယ်လို့ သိရပါတယ်။
“မိုးက အဆက်မပြတ်ရွာနေတာ၊ ဟောင်သရောမြစ်နဲ့ ဂျိုင်းမြစ်ရေတွေကထိုးတက်နေတယ်၊ အခုကျနော်တို့က အားလုံးနဲ့ပေါင်းပြီးတော့ အတတ်နိုင်ဆုံးလုပ်နေပါတယ်၊ ရေဘေးသင့်သူတွေကို ကယ်ဆယ် ရေးစခန်းတွေဆီ ကားတွေနဲ့ သယ်ပို့လုပ်နေတယ်၊ ပြီးတော့ ရေအခြေအနေကြည့်ပြီးတော့ အချိန်မှီကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်အောင်လည်းအသင့်ရှိတယ်။”လို့ ကော့ကရိတ်မြို့က ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
ကော့ကရိတ်မြို့မှာတော့ အမှတ်(၅)ရပ်ကွက် စက်မှု သိပ္ပံကျောင်းကို ရေတွေဝင်ရောက်လာလို့ ကျောင်းသား၊ ကျောင်းသူတွေကို မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင်တွေနဲ့အခြားဌာနဆိုင်ရာတွေက ပူးပေါင်းကူညီပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ရေဘေးကြုံတွေ့နေသူတွေဟာ အစားအသောက်နဲ့ ရေသန့်တွေအပြင် အခြား အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကယ်ဆယ်လုပ်နေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။
ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့နံဘေးမှာရှိတဲ့ သောင်ရင်းမြစ်ဟာ အခုလို မိုးရာသီအတွင်း မြစ်ရေမြင့်တက်မှုဖြစ်ပွားတာရှိပြီး ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက်အတွင်း မြဝတီမြို့အတွင်းမှာ ရေးကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့်လည်း အခုနှစ်ရေကြီးမှုမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သောင်ရင်းမြစ်ရေဟာ မနေ့ ဩဂုတ် ၄ ရက် မနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေ အမှတ် ၉၆၃ စင်တီမီတာထက်ကျော်လွန်ပြီး ၁၀၈၅ စင်တီမီတာမှာ တည်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
#voiceofmyanmar #VOM # မြဝတီ #ကော့ကရိတ် #ရေကြီးရေလျှံမှု