ဆူးငှက်
ကျွန်တော်က လက်မှုအနုပညာပြုလုပ်ခြင်း ဝါသနာထုံသည်။ ငယ်စဉ်ကတည်းက ပြေးလွှားဆော့ကစားခြင်းထက် ဂျပ်စက္ကူပေါ်မှာ အရုပ်လေးတွေ ဆွဲပြီး ကိုက်ကြေးဖြင့် ညှပ်ကာ ဇာတ်ခုံလေးဆောက်ပြီး ဇာတ် ကတမ်းကစားတာ၊ သို့မဟုတ် ဂျပ်ပြားပေါ်ပြာသာဒ်နှင့်အဆောင်များဆွဲ၍ဖြတ်တောက်ကာ မဏ္ဍပ်ဆင်တာ စသည်ဖြင့် ကစားတတ်သည်။ ထို့ပြင် အထက်တန်းကျောင်းရောက်သည့် လူပျိုပေါက်အရွယ်မှာပင် ဖိတ်စာအဟောင်းရာင်စုံဖြင့် တိုက်ပုံစံလေးတွဆောက်တာ၊ ကစားသည့် သံဖြူကားလေးမှာ သင်္ကြန်ရေသဘင် အလှပြကားပုံ
ဆင်တာ ပြုလုပ်ခဲ့သည်။
မှတ်မှတ်ရရ ဆယ်တန်း စာမေးပွဲအပြီး တစ်နေ့မှာ စက်ဘီးလေးလည်းဖြစ်ဖြစ်မြောက်မြောက် စီးဖြစ်နေတော့ ခပ်ဝေးဝေးတစ်နေရာသို့ ကျွန်တော် စက်ဘီးလေးနှင့်ရောက်သွားသည်။ ထိုနေရာက မန္တလေး၏တောင်ဖျား အစွန်းမှာရှိသည်။ မန္တလေးဟု ဆိုရသော်လည်း ထိုနေရာက အညာကျေးလက်လေးနှင့် တူသည်။ လမ်းတွေက မြေလမ်းများသည်။ ရှိသည့် ကျောက်လမ်းကလည်း လမ်းဧရိယာ ကျယ်သော်လည်း ကျောက်လမ်းလေးက ကား၂စီး
ရှောင်သာရုံလေးပေါ့။ ထိုရပ်ကွက်လေးမှာ ဝင်းခြံတွေက ကျယ်သည်။ ဝင်းထဲမှာ မန်ကျည်းပင်ကြီးတွေ၊ ကုက္ကိုပင်ကြီးတွရှိပြီး လမ်းဘေးမှာလည်း ထနောင်းပင်ကြီးတွေ ရှိသည်။ ရပ်ကွက်က လူနေကျဲသည်ဟု ဆိုရသော်လည်း အားလုံးလိုလိုက ကိုယ့်အိမ်ကိုယ့်ဝင်းထဲက လုပ်ငန်းခွင်တွေထဲမှာပဲ မနက်လင်း ကတည်းက ရောက်ကုန်ကြလို့ လမ်းပေါ် လူသိပ်မတွေ့ရတာဖြစ်သည်။ လမ်းဘေး ထနောင်းရိပ်က လက်ဖက်ရည်ဆိုင်လေးမှာ ၃ဦး ၄ဦးခန့် ထိုင်သောက်နေကြသော်လည်း လက်ဖက်ရည်ဖျော်ခုံရှေ့မှာ ပါဆယ်ယူပြီး လုပ်ခန်းခွင်ရောက်မှ မျှသောက်ကြဖို့ ချိုင့်လေးတွေနှင့် လာဝယ်သူ ၄ဦး၅ဦးခန့်လည်းရှိသည်။ ဝင်းတွေ ခြံတွေအတွင်း လုပ်ငန်းခွင်တွေဆီက ထုသံနှက်သံ ဖြတ်သံတောက်သံတွေကိုလည်း လမ်းပေါ်အထိ ကြားနေရပါ၏။ ထိုနေရာထိုရပ်ကွက်လေးသို့ ကျွန်တော် အရင်က ၃ခေါက်လောက်တော့ ရောက်ဖူးသည်။ ပထမအခေါက်က ကျွန်တော့်အစ်မ ၏ ခင်ပွန်း ဦးဇော်ဝင်း(ဇော်ပုလဲ) မမခင်ဝင်းတို့ ဇနီးမောင်နှံနှင့်ဖြစ်သည်။ သူတို့ပြုစုနေသော ကဗျာလွတ် စာအုပ်၏ အတွင်း စကက်ချ်ပုံတွေအတွက်ဖြစ်သည်။
ထိုစဉ်က ၂၉လမ်းထိပ် အင်းဝအအေးဆိုင်မှ အမှတ် ၈ ဘတ်စ်ကားစီးပြီး တမ္ပဝတီ တရုတ်သင်္ချိုင်းတွင်
ဆင်းကာ အရှေ့ဘက်သို့ လမ်းလျှောက် ဝင်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ သွားသည့်နေရာက အရှေ့ဘက်သို့တတော်တော်လေး လမ်းလျှောက်ဝင်ပြီး စောစောကပြောသည့် ရပ်ကွက်လေးဆီရောက်သည်။ တောင်မြောက် တန်းနေသည့် ကျောက်လမ်းလေးကိုကျော်ကာ ရှေ့ဆက်လိုက်တော့ ညွှန်းလိုက်သည့်အတိုင်း ထနောင်းပင်ကြီးတွေနှင့် ဝင်းကျယ်ကြီးထဲမှာ လှပခေတ်မီသော ၂ထပ်တိုက်လေတွေ့လိုက်သည်။ တိုက်ရှေ့ဖက်နံရံမှာ ဇီးကွက်ရုပ်ဒီဇိုင်းနှင့် အလှဆင်ထားသည်။ တိုက်နှင့် ဝင်းပေါက်ကြားမှာ စက္ကူပန်းပင်တွေ အလှကြီးလှနေသည်။ အတော်အတန်ကျယ်သော ဝင်းကြီးထဲက ထိုတိုက်၏ အရှေ့ဘက်မှာ အလုပ်တဲကြီးရှိသည်။ အလုပ်တဲနှင့် တိုက်ကြားက သစ်ပင်ရပ်တွင် ရသေ့ကျောင်းခံရှည် တစ်လုံးပေါ်၌ ရှေးမြန်မာအမျိုးသမီးကြီးများ ဝတ်ဆင်သော လည်ဂျာဂေါက်စင်း ရင်ဖုံးအင်္ကျီနှင့် ကတ္တီပါအညိုရင့် ထဘီနှင့် ဘီးဆံပတ်နှင့် အသက် ၆၀ကျော်အရွယ် ခံ့ညားလှ၊ နန်းဆံလှ သိမ်မွေ့လှသော အမေကြီးတစ်ဦးက ထိုင်နေသည်။ ကျွန်တော်တို့က မေးလိုက်တော့ အထဲသို့ အသံပြုကာ ကျွန်တော်တို့ကိုလည်း တိုက်ထဲ ဝင်ထိုင်ဖို့ လှမ်းပြောသည်။ တိုက်ထဲ ဝင်လိုက်သည်နှင့် တိုက်နောက်ဘက်မှ မျက်မှန်နှင့် စွပ်ကျယ်နှင့် ခပ်ကိုင်းကိုင်းပိန်ပိန် အသက်၂၀ကျော်ဝန်းကျင် တစ်ယောက် ထွက်လာကာ
“ မခင်ဝင်းတိုရောက်လာကြပြီလား၊ ကိုဇော်လည်း ပါတာကိုး၊ မနေ့က ဆရာဆီရောက်တော့ ဆရာကပြောပါတယ်။ မခင်ဝင်းတို့ လာလိမ့်မယ်ဆိုတာ၊ ကျွန်တော်က အဖေ့ကိုလည်ပြောထားလို့ အဖေကလည်း ဝမ်းသာနေတာတဲ့”။
ထိုပုဂ္ဂိုလ်သည် ကျွန်တော်လေးစားသော ပန်းချီဆရာ ကာတွန်းဆရာ ပန်းပုဆရာမောင်ဝင်းမောင်(တမ္ပဝတီ)ပါ့။
သူပြောသည့် ဆရာ ဆိုသည်မှာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ဖြစ်သည်။ အဖေ ဆိုသည်က ပန်းပုဆရာကြီး
ဦးကျော်ငြိမ်းဖြစ်သည်။ ဆရာကြီးဦးကျော်ငြိမ်းက ထိုစဉ်ကာလ မန္တလေးပန်တျာကျောင်းတွင် ပန်းပုနည်းပြဆရာအဖြစ် တာဝန်ယူထားသည်။ ထို့နောက် မမတို့နှင့် ကိုဝင်းမောင် က အလုပ်စကားတွေ ပြောနေကြ၏။ မမတို့ စာအုပ်အတွက် လိုအပ်သော အတွင်းပုံတွေ သူရေးပါမယ်တဲ့။ ကျွန်တော်ကတော့ တိုက်အတွင်း ရှိုးကေ့ပေါ် နံရံပေါ်က ပန်းပုရုပ်လုံးတွေ ခေတ်အလိုက် ကနုတ်ပန်းတွေ ရှေးဟောင်းပစ္စည်းတွေကို တမေ့တမော ကြည့်နေမိသည်။ ခဏနေတော့ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းလည်း နောက်က ဝင်လာပြီး မမတို့နှင့် ပန်တျာကျောင်း အကြောင်းတွေ ပြောနေကြသည်။ ကိုဝင်းမောင်က “ရှေ့မှာ ထိုင်နေတာက အမေလေ၊ ဒေါ်ဇွန်းတဲ့”ဟု မိတ်ဆက်ပေး၏။
ကျွန်တော်က တိုက်ရှေ့ကတဆင့် အရှေ့ဘက် အလုပ်တဲကြီးထဲ ဝင်ကြည့်သည်။ အမျိုးစုံသော သစ်သားပန်းပုထည်တွေကို ပန်းပုဆရာများက တက်ညီလက်ညီ ထုလုပ်နေကြ၏။ ကျွန်တော် သည်နေရာကို အတော်မြတ်နိုးသွားသည်။ အေးချမ်းမှု ဝါသနာ အနုပညာ နှင့် ခမ်းနားမှု။ ကျွန်တော် ထိုသို့နေချင်ပါသည်။ ထိုနေရာသို့ နောက်ထပ် ၂ကြိမ် ထပ်ရောက်ဖြစ်ပါသည်။ သည်၂ခါစလုံးက မမခင်ဝင်းနှင့်ပဲဖြစ်သည်။ ဒုတိယ အခေါက်က ကိုဝင်းမောင်တို့ ဝင်း၏ အနောက်နားက ကျောက်လမ်းမှာ ဂိတ်ထိုးသည့် အမှတ်၆ ဘတ်စ်ကားနှင့်ဖြစ်သည်။ တတိယ အခေါက်ကတော့ ဘုရားကြီးလည်း ဝင်စရာရှိ၍ မာင်နှမနှစ်ယောက် စက်ဘီးတစ်စီးနှင့်ဖြစ်သည်။ တတိယအခေါက်ရောက်တော့ ကျွန်တော်နှင့် ကိုဝင်းမောင် အတော်အသင့် ရင်းနှီးသွားပါပြီ။ သူကလည်း ကျွန်တော်ကမြန်မာမှုကို စိတ်ဝင်စားတာ သိသွားသည်။ ထို့ပြင် ဆရာကြီးဦးမောင်မောင်တင်၏ ပွဲကုန်းအိမ်မှာလည်း ဆုံဖူးတော့ ကျွန်တော်က သမိုင်းနှင့် သုတေသနကိုလည်း ဝါသနာပါကြာင်း သဘောပေါက်နေသည်။ စကားတွေ လက်ဆုံကျဖြစ်သည်။ အဓိက က ကျွန်တော်က သိလိုတတွေ မေးခြင်းပဲဖြစ်ပါ၏။
ကျွန်တော်က ဆွေးနွေးနိုင်ခြင်းမဟုတ်ပါ။ သည်တော့ ကိုဝင်းမောင်က “ကြုံရင် အိမ်ဘက်လည်း ဝင်ပါဗျ။ သီးသန့်လည်း လာလို့ရပါတယ်။ စကားပြောလို့ရတာပေါ့”ဟု ဆိုဖူးတာကြောင့် ၁၀တန်းစာမေးပွဲ အပြီး ကျွန်တော် တစ်ယောက်တည်း တမ္ပဝတီရပ်သို့ စက်ဘီးနှင့် ထွက်ခဲ့သည်။ မွန်းလွဲ ၂နာရီလောက်နေမှာပေါ့။ တမ္ပဝတီရောက်တော့ ကိုဝင်းမောင်ကို အဆင်သင့်တွေ့ရသည်။ ပို၍ အခန့်သင့်လိုက်ပုံက သူသည် တိုက်နောက်ဖက်မှာ ၂ပေအရွယ် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု နမူနာကို ပလာစတာနှင့် ပုံဖော်နေစဉ်ဖြစ်သည်။ ရုပ်တုက ပြီးလုလို့ လက်စသပ်နေပါပြီး ကျွန်တော်က ဘေးမှာထိုင်ရင်း ပထမဆုံး မြင်ဖူးခြင်းမို့ မျက်တောင်မခတ် ကြည့်နေမိသည်။
ထိုစဉ် ကိုဝင်းမောင်၏ ဖခင်ဖြစ်သူ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းက အနားရောက်လာကာ ရပ်ကြည့်နေသည်။ ကိုဝင်းမောင်က သူ့ဖခင်ကို ကျွန်တော့်အားရည်ညွှန်း၍ “သူက မခင်ဝင်းရဲ့ မောင်လေ၊ ပန်းချီပန်းပု စိတ်ဝင်စားတယ်”ဟု အရုပ်ကို အချောသပ်နေရင်ပြောသည်။ ဆရာကြီးက ‘ဪ..’ဟု ခေါင်းညိတ်ပြီး “ဒါနဲ့ ဘယ်အရပ်ကနေလာတာလဲ”ဟု မေးလို့ “အိမ်တော်ရာ ဘုရားတောင်ဘက် အရပ်ကပါ”ဟုပြန်ဖြေလိုက်သည်။
ဆရာကြီးက “အတော်လှမ်းတာပဲ။နေပူကြီးထဲ လာရရှာတယ်။ ဒါနဲ့ ဘယ်နှတန်းရောက်ပြီလဲ”ဟု ဆက်မေးသည်။ “ကျွန်တော် ၁၀တန်းဖြေထားတာပါခင်ဗျ”ဆိုတော့ “လူလေးရယ် ပညာရေးက အရေးကြီးပါတယ်၊ လောလောဆယ် ကျောင်းစာကို အာရုံစိုက်ပါကွဲ့၊ ဒီပန်းချီတို့ ပန်းပုတို့ဆိုတာ အချိန်မရွေး သင်လို့ရပါတယ်။ ကျောင်းစာက သူ့အရွယ် သူ့အတန်းနဲ့သင်ရတော့ အခုငယ်စဉ်မှာ ကျောင်းစာ သင်ပါကွယ်။ ဘွဲ့ရပြီ ဆိုတော့မှ ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်တွေ သင်ပါ လုပ်ပါလေ့ကွယ်။ ဒို့သား မောင်ဝင်းမောင်လည်း တက္ကသိုလ်က ဘွဲ့ရပြီးမှ ဒီအလုပ်တွေ လုပ်တာပါ၊ ကဲ..ကဲ..နေလေးချိုတုန်း ပြန်လိုက်ဦး၊ ခရီးက ဝေတယ်ကွဲ့”ဟု ပြောသည်။ ကျွန်တော်လည်း ဆရာကြီးဦးကျော်ငြိမ်းကို ကန်တော့၊ ကိုဝင်းမောင်ကို နူတ်ဆက်ကာ စက်ဘီးလေးနှင့်ပြန်ခဲ့တော့သည်။
ဒီအရွယ်မှာ ပညာရေးက အရေးကြီးပါတယ် ဟူသော ဆရာကြီးအသံကို အပြန်လမ်းတလျှောက် ကြားယောင်နေမိသည်။ ဪ.. ထိုစဉ်က ပန်းပုဆရာကြီး၏ ဆုံမစကားက အဖိုးတန်လှပါ၏။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး