မဟာမြိုင် ကားလမ်းမှာ တိုက်ပွဲဖြစ်နေလို့ ကားတွေ ရာနဲ့ချီပိတ်မိနေ

သြဂုတ် ၊ ၁၀ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ အောင်ချမ်းသာကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် မဟာမြိုင်ကားလမ်းမှာ ကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” အောင်ချမ်းသာရွာနားမှာ တိုက်ပွဲဖြစ်တာပါ ၊ ဒီလ ၆ ရက်နေ့ကတည်းကဖြစ်တာလို့ သိရတယ် ၊အခုထိတော့ သေနတ်သံတွေ ၊ ရဟတ်ယာဥ်အသံတွေ ကြားရတယ် ၊အဲ့ဒါကြောင့် မဟာမြိုင်ကားလမ်းမှာ ကားတွေက နီးစပ်ရာ နေရာတွေမှာ ခိုနေရတယ် ၊ အတက်ကားတွေက ကံထူးမ ၊ တောကျင် ၊ ပျဥ်းကိုင်း ၊သက္ကယ်ကျင်း စတဲ့ရွာတွေမှာ စခန်းချ ခိုလှုံနေတယ် ၊အဆင်းကားတွေကတော့ ကလေးဝဘက်မှာ ခိုကြတယ်”လို့ ကားသမားတယောက်က ပြောပါတယ်။

မဟာမြိုင်တိုက်ပွဲနဲ့ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အောင်ချမ်းသာရွာက လုံခြုံရေးအဖွဲ့ရဲ့အထိုင်စခန်းကို ပစ်ပြေး ပြေးသွားတာပါ ၊ အဲ့ဒီနောက်ကို နယ်မြေရှင်းလင်းတာတွေ လိုက်လံလုပ်တဲ့အခါ မနေ့က ညနေပိုင်းမှာ ကလေးဝမြို့နယ် ၊ တောင်ကြီးရွာနားမှာ အလောင်းတို့ လက်နက်တို့ သိမ်းဆည်းရမိတာရှိတယ် ၊ သိမ်းဆည်းရမိတာကတော့ အမ်-၂၂သေနတ် ၁ လက် ၊အမ်-၂၂ကျည်အိမ် ၂ ခု ၊အမ်-၂၂ကျည် ၄၀ တောင့် ၊လက်လုပ်မိုင်း ၂၀ လုံး ၊ပြောက်ကျားအင်္ကျီ ၂ ထည် ၊ ဆိုလာပြား ၁ချပ် ၊TYTအိုင်ကွန်နှစ်လိုင်းစက် ၂ လုံး ၊ဆိုင်ကယ်မျိုးစုံ ၅ စီး တို့ဖြစ်တယ် ၊ မဟာမြိုင်ထဲမှာ တချို့ကားတွေက လုံခြုံရေးအရ နီးစပ်တဲ့နေရာတွေမှာ ရှိနေသေးတယ် “လို့ ပြောပါတယ်။

မဟာမြိုင်ကားလမ်းဆိုတာ စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊တန့်ဆည်မြို့နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့တို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ တောတောင်ထူထပ်တဲ့ တောင်ပေါ်ကားလမ်းဖြစ်တယ်လို့ သိရတယ်။

အဲ့ဒီ ကားလမ်းကနေတဆင့် မုံရွာ ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္နလင်း ၊ ခန္တီးစတဲ့ မြို့နယ်တွေနဲ့ ကုန်သွယ်မှုပြုတဲ့အပြင် ကလေးတမူး ၊ ချင်းတောင်နဲ့ သွားလာလို့ရတဲ့ လမ်းပိုင်းဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မဟာမြိုင်လမ်းတိုက်ပွဲ #ရာနဲ့ချီကားပိတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW